Skip to main content

ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ယာယီဆေးရုံ(ပေါင်းလောင်း)၌ ပူးပေါင်းပါဝင်ကုသပေးလျက်ရှိ၊ နေပြည်တော်ရှိ ဘုန်းတော်ကြီးကျောင်းများသို့လည်း ခေတ်မီအလိုအလျောက် ရေသန့်စင်စက်များနှင့် ကယ်ဆယ်ရေးပစ္စည်းများလှူဒါန်း

နေပြည်တော် ဧပြီ ၁၁

မြန်မာနိုင်ငံမှ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ဆေးဝါးကုသပေးရန်အတွက် ဘူတန်ဘုရင့်နိုင်ငံ ဘုရင်မင်းမြတ်က စေလွှတ်လိုက်သော ဘူတန်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ (ပေါင်းလောင်း)၌ ဧပြီ ၃ ရက်မှ စတင်၍ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူကြီးများ၊ ဆရာဝန်၊ သူနာပြုများနှင့် ပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါကုသပေးလျက်ရှိသည်။

အဆိုပါဘူတန်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွင် ဦးနှောက်နှင့်အာရုံကြောကုသမှုဆိုင်ရာ ပါရဂူ၊ အရိုး အကြောဆိုင်ရာပါရဂူ၊ မေ့ဆေး ပါရဂူ၊ ခွဲစိတ်ကုသမှုပါရဂူ၊ အရေးပေါ်ကုသမှုဆိုင်ရာ ပါရဂူတို့အပါအဝင် အဖွဲ့ဝင် ၈၇ ဦး ပါဝင်ပြီး မြေစိုက်အရေးပေါ် ခွဲစိတ်ခန်းနှစ်ခန်း တည်ဆောက်ကာ နေ့စဉ်အကြီးစားနှင့် အသေးစားခွဲစိတ်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဗုဒ္ဓရတနာပရဟိတ ပညာဒါနကျောင်းတိုက်ရှိ ကျောင်းသား ကျောင်းသူ ၁၈၀၊ ယာယီ နေရပ်စွန့်ခွာနေရသူများနှင့် ငလျင်ဒဏ်သင့်အိမ်ထောင်စု ၆၉ စုမှ မိသားစုဝင် ၁၀၀ ကျော်တို့အား ကျန်းမာရေးစစ်ဆေး၍ ဆေးဝါးကုသပေးကြသည်။ ထို့ပြင် ဆေးဘက်ဆိုင်ရာအဖွဲ့သည် အဆိုပါကျောင်းတိုက်၌ ခေတ်မီရေသန့်စင်စက်နှင့် လီတာ ၂၀၀၀ ဆံ့ ရေတိုင်ကီတစ်လုံးတို့ကို တပ်ဆင်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်ရှိ ကျောင်းသား ကျောင်းသူများတွက် ကလေးအသုံးအဆောင် ပစ္စည်းအထုပ် ၂၄၀ နှင့် အားကစားပစ္စည်းများကို လှူဒါန်းရာ ကျောင်းတိုက်ပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာဒီပက ဉာဏ်တော် ၁၈ လက်မရှိ ကျွန်းနက်ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်အတွက် အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ချီးမြှင့်ခဲ့သည်။

ယင်းအပြင် ဘူတန်နိုင်ငံဆေးဘက်ဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့သည် ပျဉ်းမနားမြို့ရှိ ခေမာသီဝံပရိယတ္တိ စာသင်တိုက်နှင့် မစိုးရိမ်ကျောင်းတိုက်တို့၌ ငွေကျပ်သိန်း ၄၅၀ တန်ဖိုးရှိ လျှပ်စစ်ဓာတ်အား မလိုအပ်ဘဲတစ်နေ့လျှင် ရေလီတာ ၁၀၀၀၀ သန့်စင်ပေးနိုင်သည့် အလိုအလျောက် ရေသန့်စင်စက်နှင့် လီတာ ၂၀၀၀ ဆံ့ ရေတိုင်ကီ တစ်လုံးစီတို့ကို တပ်ဆင်လှူဒါန်းပေးခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးပစ္စည်းအစုံ ၁၀၀ စီနှင့် ဆန်၊ စားသုံးဆီ၊ သကြားစသည့် လှူဖွယ်ပစ္စည်းများကိုလည်း လှူဒါန်းခဲ့ကြသည်။

အလားတူ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှရွေ့လျား ခွဲစိတ်ယာဉ်၊ ရွေ့လျားဓာတ်မှန်ယာဉ်၊ ရွေ့လျားဓာတ်ခွဲယာဉ်တို့ဖြင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား အခမဲ့ဆေးဝါးကုသပေး လျက်ရှိရာ ယနေ့အထိ ခွဲစိတ်လူနာ ၆၆ ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး နေ့စဉ်အတွင်း လူနာ ၆၀ ခန့်၊ ယနေ့အထိ ပြင်ပ လူနာ ၂၆၀၀ ကျော်တို့ကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်