နေပြည်တော် ဧပြီ ၁၁
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိ နေရာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုသည်။
အလေးထားဆောင်ရွက်
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးသည် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ငလျင်ဘေးသင့် ပြည်သူများအတွက် နိုင်ငံတကာနှင့် ပြည်တွင်းမှလှူဒါန်းသည့်ပစ္စည်းများ ရောက်ရှိနေမှုကို ကြည့်ရှုစစ်ဆေးပြီးပစ္စည်းများ စနစ်တကျထားရှိရန်နှင့် အချိန်မီဖြန့်ဝေပေးနိုင်ရေး အလေးထား ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များသည် ပျဉ်းမနားမြို့ ဈေးကုန်းဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ ဆန်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်းတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေရာများအား တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးဦးထုပ်များ ပေးအပ်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်ရှိ ဆည်မြောင်းလက်တံများနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ဆည် မြောင်းလက်တံများ ပြန်လည် ပြုပြင်ကာ ရေပေးဝေနိုင်မှုအခြေအနေနှင့် နွေစပါးစိုက်ပျိုးနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ဒက္ခိဏသီရိမြို့နယ်ရှိရန်အောင် မြင်ဆည်လက်တံမြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ လုပ်ငန်းဆောင်ရွက်နေသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)