နေပြည်တော် ဧပြီ ၁၁
စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ခြံအမှတ် အေ-၅ ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ တက်ရောက်သည်။
အစည်းအဝေး၌ နေပြည်တော်ရှိ ဝန်ထမ်းများအား အမိုးအကာအောက်တွင် ထားရှိနိုင်ရေးအတွက် ယာယီတဲများအား ထပ်မံဆောက်လုပ်နိုင်ရေး၊ အဆောက်အအုံအလွတ်များတွင် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ထားရှိနိုင်ရေး၊ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့မှုအခြေအနေများကို သင်ခန်းစာဖော်ထုတ်၍ စက်ရုံများတည်ဆောက်ရာတွင် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စက်မှုဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်းကြပ်မတ်ရမည့်ကိစ္စရပ်များ၊ ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် သံ/သံမဏိများနှင့် ပတ်သက်၍ ဈေးကွက်သုတေသနပြုလုပ်ပြီး အရည်အသွေးများ စစ်ဆေးရေးကိစ္စ၊ ပုဂ္ဂလိကကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စက်ရုံများတွင် ထုတ်ကုန်များနှင့်ပတ်သက်၍ သုတေသန ဓာတ်ခွဲခန်းများထားရှိရေး ကိစ္စရပ်များ၊ ထုတ်ကုန်များအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရေးနှင့် အရည်အသွေးအာမခံစနစ်များ ထူထောင်ထားရှိနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း အတည်ပြုခြင်းများ ဆောင်ရွက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက္ကူစက်ရုံ(ရေနီ)ရှိ စက်ရုံအဆောက်အအုံများ၊ လူနေအိမ် အလွတ်များ၊ လူပျို၊ အပျိုအဆောင်များ၌ နေပြည်တော်ရှိ ဦးစီးဌာန စက်မှုလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား အမိုးအကာအောက်ထားရှိနိုင်ရေးအတွက် ဝန်ထမ်းများ ဝင်ဆံ့နိုင်မှုအခြေအနေ၊ အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် သင်တန်းကျောင်းအတွင်း ပျက်စီးခဲ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်