Skip to main content

နေပြည်တော်ကောင်စီနယ်မြေ၌ မြန်မာ့ရိုးရာသင်္ကြန်အကျနေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး အေးသင်္ကြန် ဆက်လက်ကျင်းပ

နေပြည်တော် ဧပြီ ၁၄

နေပြည်တော်ကောင်စီနယ်မြေ၌ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကျနေ့ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန် (အေးသင်္ကြန်)အဖြစ် ဆက်လက်ကျင်းပရာ ပြည်သူများနှင့် ဝန်ထမ်းများ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ ပါဝင်ဆင်နွှဲကြသည်။

ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တန်ခိုးကြီး ဘုရားစေတီပုထိုးများ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများက တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ကုသိုလ်ဒါန ဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားရိပ်သာများ၌ တရားစခန်းဝင်ခြင်းနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများကို စိတ်အေးချမ်းစွာ ဆောင်ရွက်ကြသည်။

အလားတူ ယနေ့သည် သင်္ကြန်အကျနေ့ဖြစ်သည့်အတွက် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပလျက်ရှိရာ နေပြည်တော်မြို့တော် ဝန်မဏ္ဍပ်နှင့် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာလမ်းဆုံ ဧရိယာအတွင်း ကျင်းပသည့် နေပြည်တော် လမ်းလျှောက်သင်္ကြန်တို့တွင်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ရေအေးသင်္ကြန်ကို ကျင်းပရာ အများပြည်သူတို့ လာရောက်ကြပြီး အတီးအမှုတ်၊ အကအခုန်၊ အပျော်အပါး တို့လွှမ်းသော သင်္ကြန်ပုံရိပ်များကို ဖယ်ရှားကာ မြန်မာမှု၊ မြန်မာ့ ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ ယဉ်ကျေး သိမ်မွေ့သည့်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြသည်။

အဆိုပါ အေးသင်္ကြန်အတွင်း သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ နေ့စဉ် နံနက်နှင့် ညနေပိုင်းများတွင် ပါဝင်ဆင်နွှဲကြသည့် ပြည်သူများ အား စတုဒိသာကျွေးမွေးခြင်း၊ တစ်ဦးနှင့်တစ်ဦး မြန်မာ့ရိုးရာ သင်္ကြန် အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ကစားခြင်းနှင့် တစ်ဦးနှင့်တစ်ဦး နှစ်ဟောင်းမှအဆိုးအညံ့တို့ ပျောက်စေပြီး အကောင်းအသန့်တို့ ရောက်စေရန်ရည်ရွယ်၍ သန့်စင်ဆေးကြောခြင်း အဓိပ္ပာယ်ဖော်ဆောင်ကာ ရေပက်ကစားခြင်းတို့ ဆောင်ရွက်ကြသည်။

ထို့အတူ မြန်မာ့သနပ်ခါးယဉ် ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါး လိမ်းခြယ်ခြင်း ကဏ္ဍလည်း ထည့်သွင်းထားရာ ပါဝင်ဆင်နွှဲကြသည့် အများပြည်သူများသည် မြန်မာ့သနပ်ခါးကို မြတ်နိုးစွာလိမ်းခြယ်၍ အေးသင်္ကြန်တွင် ပါဝင်ဆင်နွှဲကြသည်။

ထို့ပြင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းမြို့နယ်၊ ရပ်ကွက်များအလိုက် စတုဒိသာများ ကျွေးမွေးခြင်း၊ သင်္ကြန်မဏ္ဍပ်ငယ် များဆောက်လုပ်ကာ တစ်ဦးနှင့် တစ်ဦး အေးချမ်းစွာ ရေပက်ကစားခြင်းတို့ဖြင့် အေးချမ်းသာယာသော သင်္ကြန်အကျနေ့ကို ဖြတ်သန်းကြသည်။

သတင်းစဉ်