ရန်ကုန် ဧပြီ ၁၄
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများသည် မဟာသင်္ကြန်ပွဲတော်အကျနေ့၌ ကုသိုလ်ကောင်းမှုများ ဆက်လက်ပြုလုပ်ခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကို ကျင်းပလျက်ရှိသည်။
ကျွေးမွေးလှူဒါန်း
၁၃၈၆ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေတိဂုံစေတီတော်မြတ် ကြီးအပါအဝင် ဘုရား၊ ကျောင်း၊ ကန်များ၌ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ ကုသိုလ်ဒါနပြုဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားဒေသနာတော်များရရှိစေရန် မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်လျက်ရှိသည့် တရားရိပ်သာတရားစခန်းများ၌ တရားထိုင်ခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြသည်။
ထို့အတူ သင်္ကြန်ကာလအတွင်း ဖွင့်လှစ်ထားရှိသည့် တရားစခန်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပုညာရာမကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တတေဇ နိယကဘုရား အဆူဆူတို့၏ အဆုံးအမဖြစ်သော မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားနိုင်စေရန်၊ ဘေးဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့လာလျှင်လည်း ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ တရားဓမ္မများ ဟောကြားတော်မှုရာတရား ချစ်ခင်သူတော်စင် သူမြတ်အပေါင်းတို့က နာယူကြည်ညိုလျက်ရှိကြသည်။
မဟာသင်္ကြန်အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ်ကွက် ငါးလွှတ်ဆိပ်အမှတ်(၁) ဒဂုံသီရိမဟာဘေးမဲ့ ကန်တော်ကြီး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက ငါးမြစ်ချင်းကောင်ရေ ၅၀၀၀ ကို ဒဂုံသီရိမဟာဘေးမဲ့ ကန်တော်ကြီးအတွင်းသို့ ကုသိုလ်ဒါနအဖြစ် လွှတ်ပေးကြသည်။
ထို့နောက် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် အလှူရှင်များက ပြည်သူများအား စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းသည့် ဓလေ့အားသရုပ်ဖော်မှုတွင် နိုင်ငံခြားသားများ ပါဝင်ဆင်နွှဲနေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝန်ထမ်းမိသားစုများစုပေါင်း၍ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းကို ယနေနံနက်ပိုင်းက အဆိုပါ စည်ပင်သာယာရေးကော်မတီရုံး ဝင်းအတွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြပြီး စတုဒိသာကျွေးမွေးနေမှုကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းမိသားစုများအား သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများနှင့် တာဝန်ရှိသူများသည် ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် ယာဉ်ရပ်နေရာ၌ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး(ဗဟို)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်အကျနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများကို သက်သတ်လွတ် ဒံပေါက်ထမင်း စတုဒိတာကျွေးမွေးနေမှုကို ကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများထံ အလှူငွေများ ပေးအပ်ခဲ့သည်။
ကုသိုလ်ဒါနပြု
ထို့အတူ ပြည်သူများအား ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် (၅၁) လမ်းထောင့် အမှတ်(၁၀)ရပ်ကွက် ပီတိမေတ္တာလူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် ခုနစ်ရက်သားသမီးအလှူရှင်များ၏ စုပေါင်းအလှူအဖြစ် ထမင်း၊ ကြက်သား၊ ပဲဟင်း၊ သရက်ချဉ် သုပ်၊ အအေးတို့ဖြင့် စတုဒိသာကျွေးမွေးနေမှု၊ (၄၉) လမ်းရှိ လပြည့်ဆွမ်းလောင်း မိသားစုမှ ထမင်း၊ ဘဲဥကုလားဟင်းတို့ဖြင့်စတုဒိသာ ကျွေးမွေးနေမှုနှင့် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ စတုဒိတာမဏ္ဍပ်၊ ဒလမြို့နယ် စတုဒိသာမဏ္ဍပ်တို့၌ စတုဒိသာကျွေးမွေးလှူဒါန်လျက် ရှိကြသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရပ်ကွက်များ၌လည်း ပြည်သူများအား စတုဒိသာများ ကျွေးမွေးကာ ကုသိုလ်ဒါနပြုလျက်ရှိကြောင်း သိရသည်။
သတင်း - နေကိုဇော် - သတင်းစဉ်
ဓာတ်ပုံ - ဇော်မင်းလတ်