နေပြည်တော် ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကြာအင်း ကျေးရွာနေ ဒေါ်ပပလှိုင် အသက် ၃၂ နှစ်သည်သားဦးအမြွှာ ကိုယ်ဝန်ဖြင့် လှည်းကူးမြို့ ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူခဲ့ ပြီး ကိုယ်ဝန်ဆောင်ကာလ (၃၂)ပတ်ကျော်ချိန်တွင် ရေမြွှာပေါက်ခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်တွင် လှည်းကူးမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတက်ရောက်ခဲ့ပြီး ယင်းနေ့ည ၇ နာရီ ၅ မိနစ်တွင် ရင်ချင်းဆက်အမြွှာ မိန်းကလေးနှစ်ဦး (ဝမ်းဗိုက်နေရာမှ ဆက်နေသော Omphalopagus Type)ကို အောင်မြင်စွာ ခွဲစိတ် မွေးဖွားပေးနိုင်ခဲ့သည်။
အဆိုပါကလေးငယ်များသည် လမစေ့မီမွေးဖွားပြီး ရင်ချင်းဆက် အမြွှာကလေးများဖြစ်သဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး မွေးကင်းစကလေး အထူးကြပ်မတ်ဌာန၌ ထားရှိကာ လိုအပ်သောကုသမှုများ အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့သည်။
ဇူလိုင် ၈ ရက်တွင် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကင်း)-ရန်ကုန်သို့ လွှဲပြောင်းကာ မွေးကင်းစအထူးကြပ်မတ် ကုသဌာန၌ ဆက်လက်၍ ပြုစုကုသစောင့်ရှောက်ပေးလျက်ရှိပြီး အဆိုပါရင်ချင်းဆက်အမြွှာ ကလေးများအား လိုအပ်သောဆေးကုသမှုများ ဆောင်ရွက်ရန်နှင့် ခွဲစိတ်ကုသမှု (Separation Surgery) ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဦးဆောင်၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံ ကြီးနှင့် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကင်း)တို့မှ ဘာသာ ရပ်ဆိုင်ရာပညာရှင်များ ပါဝင်သော ဆေးကုသရေးအဖွဲ့ကိုဖွဲ့စည်းပြီး ကုသမှုများဆက်လက် ဆောင်ရွက်ပေးလျက်ရှိကာ ကလေးများ၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
