Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၆) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ တက်ရောက်

နေပြည်တော် ဇူလိုင် ၁၀

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ (အင်နိုပရွန်)သို့ တက်ရောက် ဆွေးနွေးခဲ့သည်။

ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် (၁၆)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ၌ ခင်းကျင်းပြသထားသည့် စက်မှုထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု လေ့လာကြပြီး ညနေပိုင်းတွင် စက်မှုကုန်စည်ပြပွဲ (အင်နိုပရွန်) ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ ၅၀ မှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး မစ္စတာ အန်တွန်အယ်လ်လီခါနော့ဗ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် “ရုရှား-အင်ဒိုနီးရှား စက်မှုလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲ”သို့ နိုင်ငံတကာမှတက်ရောက်လာသည့် ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။ ထို့နောက် ယီကာကျင် ရင်ဘတ်မြို့ စကိုကိုဗာအင်နိုဗေးရှင်းစင်တာခန်းမ၌ စကိုကို ဗိုတက်ခ်နိုပက်ခ် (Skolkovo Technopark)၏ ဒါရိုက်တာဖြစ်သူ မစ္စအော်လ်ဂါစလိုမင်းစကာယာ (Olga Slominskaya)နှင့် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ယီကာကျင်ရင်ဘတ်မြို့၌ Tyazhpromexport (TPE) ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးပြီး စက်မှုကုန်စည်ပြပွဲအတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။

ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဆဗျဲလော့ဗ်ပြည်နယ်အစိုးရအဖွဲ့ ပြည်ပစီးပွားရေးရာဝန်ကြီး မစ္စတာ ဗရာချီးဆလာ့ဗ်ရာရင်နှင့် လည်းကောင်း၊ ဆဗျဲလော့ဗ်ပြည်နယ် Entrepr- eneurship Support Fund မှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ Sistema Joint Stock Financial Cooperation မှ တာဝန်ရှိသူများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးပြီး Skolkovo ပြခန်း၌ ရုရှားနိုင်ငံ၏ MSME များ ဆောင်ရွက်နေမှုနှင့် ရုရှားနိုင်ငံ Yekaterinburg မြို့ရှိ Uralhimmash စက်ရုံတို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။

ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့သို့ ရောက်ရှိပြီး Tyazhpromexport (TPE) ကုမ္ပဏီ၌ TPE, MISIS & Stalproket နှင့်တွေ့ဆုံဆွေးနွေးကာ မော်စကိုမြို့အနီးရှိ Skolkovo Technopark ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာ၍ မွန်းလွဲပိုင်းတွင် မော်စကိုလေဆိပ်မှ ထွက်ခွာလာရာ ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်