နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၄၅၄ သန်းကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဖြူးပေးလျက်ရှိ
နေပြည်တော် ဇူလိုင် ၂၃
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းကြောင့် အထက်ပေါင်းလောင်း ဓာတ်အားပေးစက်ရုံ ဧရိယာအတွင်းရှိပျက်စီးဆုံးရှုံးမှုများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးသဖြင့် ဓာတ်အားပေးစက်ရုံမှ စက်စွမ်းအားပြည့်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မောင်းနှင်လျက်ရှိပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၄၅၄ သန်းကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပြည်ထောင်စုနယ်မြေ ပျဉ်းမနား မြို့၏ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ကွန်ကရစ် တမံ (RCC Dam) အမျိုးအစားဖြစ်ပြီး ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ကာ တပ်ဆင်စက်အင်အား စုစုပေါင်း ၁၄၀ မဂ္ဂါဝပ်ဖြင့် နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၄၅၄ သန်းကိုထုတ်လုပ်လျက်ရှိပြီး မဟာဓာတ်အားလိုင်းမှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာတွင်ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းကြောင့် အထက်ပေါင်းလောင်း ရေလှောင်ကန်အတွင်း ရေအဆမတန်ဝင်ရောက်ခဲ့ခြင်း၊ တမံ၏ရေပိုလွှဲမှတစ်ဆင့် ရေပမာဏ များပြားစွာ ရေကျော်ကျပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်း၊ တောင်ကျရေနှင့်အတူ သစ်လုံး၊ သစ်တုံးကြီးများ၊ သဲနုန်း၊ ရွှံ့နွံများ များပြားစွာမျောပါလာခဲ့ခြင်း၊ စက်ရုံအတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ခြင်း၊ ရေလမ်းကြောင်းပြောင်းလဲမှုကြောင့် စက်ရုံအောက်ဘက်မြစ်ကြောင်း တစ်လျှောက် ဝဲ၊ယာကမ်းပါးများ ရေတိုက်စားခံခဲ့ရသဖြင့် စက်ရုံအဝင်ကွန်ကရစ်လမ်းနှင့် ဝန်ထမ်းအိမ်ရာလမ်းများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ သဘာဝဘေးဖြစ်ပွားမှုကြောင့် မြို့ပြတည်ဆောက်မှုဆိုင်ရာလုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၂၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည်လည်း အချိန်အတိုင်းအတာ တစ်ခုအထိ လျော့နည်းကျဆင်းခဲ့သည်။
စက်ရုံအတွင်းဝင်ရောက်နေသော သဲနုန်းများကို ဖယ်ရှားရှင်းလင်းခြင်း၊ ဝဲ၊ ယာရှိကမ်းပါးများ ပြိုကျမှုကြောင့် မြစ်ကြောင်းအတွင်း ကြမ်းပြင်မြင့်တက်ခဲ့သဖြင့် သဲနုန်းများဖယ်ရှားရှင်းလင်းခြင်း၊ တောင်ပြို၊ မြေပြို၊မြစ်ကမ်းပါးပြိုကျမှုမှကာကွယ်နိုင်ရန်နှင့် စက်ရုံအဝင်လမ်းဘေးတွင် ရေတိုက်စားမှုမှကာကွယ်ရန်တို့အတွက် ကျောက်ဖြည့်သံခြင်းများချ၍ မြေ၊ရေကာနံရံတည် ဆောက်ခြင်း စသည့်လုပ်ငန်းများကို စက်၊ယာဉ်ယန္တရားများနှင့် လူအင်အားအပြည့်ဖြင့် နေ့ရောညပါ ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရာ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ် မတ်လတွင် ဆောင်ရွက်ပြီးစီးခဲ့သည်။
ထို့ပြင် အထက်ပေါင်းလောင်း ရေလှောင်တမံအတွင်းမှ သဲနုန်းများဖယ်ရှားရှင်းလင်းရန်၊ သဲနုန်း ထပ်မံဝင်ရောက်မှုမှကာကွယ်ရန်နှင့် သဘာဝဘေးကြိုတင်ကာကွယ်တားဆီးရေး အစီအမံများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
