နေပြည်တော် ဇူလိုင် ၂၄
အိန္ဒိယရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့၌ ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား ၂၆ ဦးတို့သည် လေကြောင်းခရီးဖြင့် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
မြန်မာနိုင်ငံသို့ အဆိုပါ မြန်မာရေလုပ်သားများ ဘေးကင်းစွာ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် ကောလ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ တာဝန်ရှိသူများက အိန္ဒိယနိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များနှင့် နီးကပ်စွာညှိနှိုင်း၍ ၎င်းတို့အား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of identity) များ စိစစ် ထုတ်ပေးခြင်း၊ လေကြောင်းခရီးစဉ်ညှိနှိုင်းပေးခြင်းနှင့် အခြားလိုအပ်သည့် စီမံခန့်ခွဲမှုများကို စနစ်တကျ အနီးကပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုဆို၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတော်အစိုးရသည် ပြည်ပရောက် မိမိနိုင်ငံသား၏အရေးကိစ္စရပ်များကို အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိရာ ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရေးတို့အတွက် သက်ဆိုင်ရာ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် လိုအပ်သောကောင်စစ်ရေးရာ ကူညီစောင့်ရှောက်မှုများကို အစဉ်တစိုက် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။
သတင်းစဉ်
