မြစ်ကြီးနား ဇူလိုင် ၂၈
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲများကို ဇူလိုင် ၂၇ ရက်က မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက်တို့တွင် ပြုလုပ်ရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သော နည်းပညာဆိုင်ရာ အချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာ ပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို သုံးသပ်ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များ၊ ဒေသခံများ၏ အကျိုးအမြတ်၊ ခံစားခွင့်၊ စိုးရိမ်ပူပန်မှုများအပေါ် ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးနှင့် ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် နည်းပညာဆိုင်ရာ ငလျင်နှင့်တမံကြီးများ၏ ကြံ့ခိုင်မှု၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ မြစ်ဆုံဆည်ပြီးစီးပါက လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာနိုင်သည့်အခြေအနေများနှင့် ဒေသခံပြည်သူများ၏ အကျိုးအမြတ်များကို အပြန်အလှန်ဆွေး နွေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)
