မင်းကင်း ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ရောက်ရှိလာသဖြင့် မြစ်ရေဝင်ရောက်သည့် အမှတ်(၃)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ယွန်းဘုန်းတော်ကြီးကျောင်းရှိ ယာယီရေဘေးရှောင်စခန်းသို့ ယနေ့နံနက်ပိုင်းက ပြောင်းရွှေ့ပေးလျက်ရှိသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ ပါဝင်သောအဖွဲ့များက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြောင်းရွှေ့နေထိုင်ရန်လိုအပ်သည့် ရေဘေးသင့်ပြည်သူများအား ယွန်းဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ ခေတ္တပြောင်းရွှေ့နေထိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည်။
မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းသို့ အိမ်ထောင်စု (၃၄)စု လူဦးရေ(၁၀၇)ဦးရှိကြောင်းနှင့် ကူညီဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
