အိုဘယ့် မိခင် ဧရာဝတီ (၂)
၁၉ ရာစု အစောပိုင်းကာလများ၏ တမံတည်ဆောက်မှုသမိုင်းကို အမေရိကန်ပြည်ထောင်စုက စတင်ဦးဆောင်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ် အမေရိကန်စီးပွားရေး ပျက်ကပ်ကာလတွင် ကော်လိုရာဒိုမြစ်ဝှမ်းစီမံကိန်းများကို အကောင်အထည်ဖော်ကာ ဘိုးလ်ဒါးကင်နွန် တမံတည်ဆောက်ခဲ့ကြသည်။ ထို့နောက် ကိုလံဘီယာမြစ်ဝှမ်းပေါ်တွင် ဂရန်ကူလီတမံကို ၁၉၃၃ ခုနှစ်က ထပ်မံတည်ဆောက်ခဲ့ကြသည်။ ရှေ့ဆင့်နောက်ဆင့်တည်ဆောက်ပြီးစီးသွားသော အဆိုပါစီမံကိန်းနှစ်ခုမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၅၆၀ ရရှိခဲ့ပြီး အရီဇိုးနား၊ နီဗားဒါး၊ ဝါရှင်တန်၊ အော်ရီဂွန်၊ အီဒါဟိုပြည်နယ်တို့ကို အဓိကဖြန့်ဖြူးပေးကာ အလူမီနီယံစက်ရုံများ၊ ဘိုရင်းစက်ရုံများ၊ ဖို့တလန်ရှိ စစ်သင်္ဘောများ ထုတ်လုပ်ရာ သင်္ဘောကျင်းများသို့လည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
