ကိုလိုနီခေတ် ဒီစီလျှပ်စစ်စနစ်မှ အေစီလျှပ်စစ်စနစ်သို့
သီပေါမင်းလက်ထက်က အထက်မြန်မာနိုင်ငံတွင် လျှပ်စစ်မီးစက်တစ်ခုကို တည်ထောင်ခဲ့သည်။ အောက်မြန်မာနိုင်ငံတွင်မူ ၁၈၇၀ ပြည့်နှစ်ဝန်းကျင်ကပင် ရန်ကုန်မြို့ရှိ ဥရောပတိုက်သားပိုင် ဆန်စက်ကြီး လေးလုံးတွင် လျှပ်စစ်မီးများ ထွန်းလင်းနိုင်ခဲ့ကြပြီဖြစ်ရာ ရေနွေးငွေ့သုံး ကိုယ်ပိုင် လျှပ်စစ်ဓာတ် အားပေးစက်များဖြင့် ထွန်းလင်းစေခဲ့ခြင်းဖြစ်သည်။ အများပြည်သူသုံး နေအိမ် လျှပ်စစ်မီး ထွန်းရန်အတွက် လျှပ်စစ်ဓာတ်အားကို ၁၉၀၅ ခုနှစ်ခန့်က ရန်ကုန်မြို့တွင် စတင်ရရှိခဲ့သည်။ ထိုနှစ်က ဖွဲ့စည်းတည်ထောင်သော Rangoon Electric Tramway and Supply Company Ltd. က ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခဲ့သည်။
