သတင်းများ

ကချင်ပြည်နယ်အတွင်း ဆေးရုံများမှ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများကို မန္တလေးမြို့ရှိ အမျိုးသားဓာတ်ခွဲဌာနသို့ ပဉ္စမအကြိမ်ပို့ဆောင်ပေး
Dec 03,2020
ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ ကိုဗစ် - ၁၉ ဓာတ်ခွဲနမူနာများကို မန္တလေးမြို့ရှိ အမျိုးသားဓာတ်ခွဲဌာနသို့ ပို့ဆောင်ပေးလျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်း(၁)ဦးနှင့်အတူ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးမောင်မောင်ချို ဦးစီးမှူး (တတိယ) တန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးအောင်မြတ်သူ (ဒုတိယ) မြို့နယ်တပ်ဖွဲ့မှူးတို့ လိုက်ပါလျက် ယမန်နေ့ နံနက် ၅ နာရီတွင် မြစ်ကြီးနားမြို့နယ်မှ မန္တလေးမြို့သို့ ပဉ္စမအကြိမ် ပို့ဆောင်လျက်ရှိကြောင်းသိရသည်။
လေးမျက်နှာမြို့နယ်၌ ကမ်းပြိုဘေးသင့် ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများအား ပေးအပ်
Dec 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စု ၊သောင်ဘုတ်ရွာနှင့် အလယ်ကျွန်းကျေးရွာတို့တွင် နိုဝင်ဘာလ ၂၆ ရက်က ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့ ခဲ့ရသောအိမ်ခြေ(၆)လုံးအတွက် ယမန်နေ့ မွန်လွဲ(၁၂:၃၀) နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အနှေးယာဉ်(ဆိုက္ကား) လိုင်စင်သက်တမ်း တိုးခြင်းပြုလုပ်ပေး
Dec 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အနှေးယာဉ်(ဆိုက္ကား) လိုင်စင်သက်တမ်းတိုးခြင်းကို ဒီဇင်ဘာ(၁) ရက်နေ့မှစပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ စတင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ဖားကန့်၌ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေသပြည်သူများအား အထူးသတိပြု နေထိုင်ရန် သတိပေးချက်ထုတ်
Dec 03,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း ခရီးသွားရာဇဝင်မရှိ၊‌‌ ရောဂါပိုးရှိသူများနှင့် ထိစပ်မှုမရှိသည့် အနံ့ပျောက်သူများမှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၁၄)ဦးထိ တွေ့လာရသည့်အတွက် ယမန်နေ့ ညနေ ၅ နာရီက ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ ဖားကန့်ဒေသ ပြည်သူများအား အတတ်နိုင်ဆုံး အိမ်ထဲမှအိမ်ပြင်မထွက်ရန် အထူးသတိပြု နေထိုင်ရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Dec 03,2020
တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
ချီဖွေမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်
Dec 03,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ မွေးကင်းစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များကို ယမန်နေ့ နံနက် ၉ နာရီတွင် ရစ်လောခေါင်ရပ်ကွက် KBC နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ အ-ထ-က နေရာကန့်သတ်စောင့်ကြည့်စင်တာသို့ လင်းရောင်ခြည်လူမှုဖွံ့ဖြိုးရေးအသင်း (ရေကြည်မြို့)က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်း
Dec 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ အထကကျောင်းရှိ နေရာကန့်သတ်စောင့်ကြည့်စင်တာနှင့် မြို့နယ် ကိုဗစ်-‌၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လုပ်ငန်းသုံး ပစ္စည်းများကို လင်းရောင်ခြည် လူမှုဖွံ့ဖြိုးရေးအသင်း (ရေကြည်မြို့)က ယမန်နေ့က နေရာကန့်သတ် စောင့်ကြည့်စင်တာသို့ လာရောက် လှူဒါန်းခဲ့ရာ မြို့ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များက လက်ခံရယူခဲ့ကြသည်။
လားရှိုးတွင် ကိုဗစ်(၁၉)ရောဂါပိုး အတည်ပြုလူနာ ထပ်မံတွေ့ရှိ လူနာများ၌ သက်တော်(၉)နှစ်ရှိ ကိုရင်လေး ပါဝင်လာ
Dec 03,2020
လားရှိုးမြို့ရှိ Facility Quarantine နှင့် Hotel Quarantine တွင် အသွားအလာ ကန့်သတ်ထားရှိသူ(၉၈)ဦးနှင့် ကိုရင်(၁၄)ပါးတို့အား လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဒီဇင်ဘာ(၁)ရက်နေ့က အာခေါင်တို့ဖတ်၊ နှာခေါင်း တို့ဖတ်တို့ကို မူဆယ်မြို့ရှိ ကျန်းမာရေးဓါတ်ခွဲခန်းသို့ပေးပို့စစ်ဆေးရာ ဒီဇင်ဘာ(၂)ရက်နေ့ ညနေ(၅)နာရီခွဲ အချိန် ထွက်ရှိလာသော အဖြေရလဒ်များအရ လားရှိုးမြို့ ပညာရေးကောလိပ်တွင်ဖွင့်လှစ်ထားသော Facility Quarantine Center မှ ကိုရင်(၁)ပါးတွင် COVID-19 ရောဂါပိုး တွေ့ရှိ(တွေ့ရှိ)ခဲ့ရသည်ဟု လားရှိုးမြို့နယ် ကိုဗစ်(၁၉) ရောဂါတားဆီး ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဌ ဦးအာကာလင်းထံကသိရှိရသည်။