ဝေးလံခေါင်ဖျားဒေသသတင်းများ

ပခုက္ကူမြို့တွင် EXIM Bank ချေးငွေ(၁၃)ကြိမ်မြောက်ပေးအပ်

 

   ပခုက္ကူ       ဇန်နဝါရီ      ၁၀

ပခုက္ကူမြို့သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင်(၁၃)ကြိမ်မြောက် EXIM Bank ချေးငွေ  ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာပခုက္ကူမြို့ သမဝါယမဦးစီးဌာနမြို့နယ်ဦးစီအရာရှိ  ဦးမြင့်လွင်က ပခုက္ကူမြို့နယ်၏  သမဝါယမ အသင်းများ အခြေအနေ ချေးငွေပြန်လည်ပေးဆပ်မှု  သမဝါယမအသင်းအလိုက် လုပ်ငန်း  ဆောင်ရွက်မှု အခြေအနေများကို     ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပခုက္ကူမြို့နယ်  သမဝါယမ အသင်းစု ဉက္ကဋ္ဌ ဒေါ်ဖြူဖြူစံ က  သမဝါယမအသင်းစုအနေဖြင့်  အသင်းအလိုက်ချေးငွေ ထုတ်ပေးမှု ပြန်ဆပ်မှုနှင့် အသင်း အလိုက် စနစ်တကျထုတ်ယူရေးဆွေးနွေး သည်။

မင်းဘူးခရိုင်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဉီးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး  ဇန်နဝါရီ       ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂) ရက်နေ့မှ  (၁၅) ရက်နေ့ထိ အပြီး ကွင်းဆင်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း မင်းဘူးခရိုင်၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးမှူးရုံးမှ သိရသည်။

ဖျာပုံမြို့နယ်တွင်(၁၇)နှစ်ကြိမ်မြောက် အမေနေ့ အခမ်းအနားကျင်းပ

ဖျာပုံ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမေနေ့ ကျင်းပရေးကော်မတီမှ ဦးဆောင်၍ စာရေးဆရာ အော်ပီကြယ်၊ စာရေးဆရာ အကြည်တော် တို့ဖြင့် ဖျာပုံမြို့(၁၇)နှစ်ကြိမ်မြောက် အမေနေ့ အခမ်းအနားကို ယမန်နေ့ ည(၆)နာရီအချိန်က ဖျာပုံမြို့နယ် စည်ပင်သာယာရေးရုံးရှေ့၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်မြို့မှ ကိုလူချောများအဖွဲ့က မြန်မာ့တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြပြီး ဖျာပုံမြို့နယ် အမေနေ့ ကျင်းပရေး ကော်မတီအတွင်းရေးမှူးက အမေနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီစဉ်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မန္တလေး  ဇန်နဝါရီလ  ၁၀

ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီအစဉ်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အလုပ်ရုံဆွေး နွေးပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး (ပညာ) ဦးစိုးလွင် အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဦးစီးအရာရှိ ဒေါ်ကြူကြူမာ၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီစဉ်ဆိုင်ရာ ကိစ္စရပ်များ အကြောင်း ရှင်းလင်းပြောကြားသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ကြားဖြတ် လူဦးရေ သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်  ဇန်နဝါရီ  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ၂၀၁၉ ခုနစ် ကြားဖြတ်လူဦးရေ သန်းခေါင်းစာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကြားဖြတ်လူဦးရေ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကံသာကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရေဦး  ဇန်နဝါရီ   ၁၀

၂၈ ရွာမြောက်အဖြစ် ရေဦးမြို့နယ်၊ ကံသာကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာမင်းသိန်း၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးမြင့်ထွေးနှင့် မြို့နယ်တာ၀န်ရှိသူများ  ယမန်နေ့ ညနေ ၅ နာရီက တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြကြောင်း သိရသည်။

ချည်မျှင်နှင့်အထည်အလိပ် ဒီပလိုမာကျောင်းဆင်းလက်ရာပြပွဲနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်း ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ

မန္တလေး ဇန်နဝါရီ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းကျင်းပသော ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာ ကျောင်းဆင်း လက်ရာပြပွဲနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြပွဲ၊ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ မန္တလေး-စစ်ကိုင်းကားလမ်းဘေးရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ဇန်နဝါရီ ၁၀ ရက် မှ ၁၁ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။

ပုသိမ်ကြီးမြို့နယ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကျောင်းမုခ်ဦး၊ ကွန်ကရစ် လမ်းဖွင့်ပွဲ ကျင်းပ

ပုသိမ်ကြီး ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကျောင်းမုခ်ဦး၊ ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အထက(ပုသိမ်ကြီး)၌ ကျင်းပပြုလုပ်ခဲ့သည်။

သမဝါယမတက္ကသိုလ် (သန်လျင်)၌ ယာဉ်စည်းကမ်း လမ်းစည်ကမ်းဆိုင်ရာ ဟောပြောပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သမဝါယမတက္ကသိုလ် (သန်လျင်) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ တက္ကသိုလ်ဥတ္တရခန်းမ၌ ကျင်းပသည်။

ကန့်ဘလူ၌ ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ

ကန့်ဘလူ  ဇန်နဝါရီ  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ