Skip to main content

ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ၏ ၂၀၂၁ ခုနှစ်အတွက် နှစ်သစ်ဆုတောင်း

ဦးသောင်းထိုက်

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်၊ မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ

၂၀၂၀ ပြည့်နှစ် နှစ်ကုန် ၂၀၂၁ ခုနှစ် နှစ်သစ်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော ဘာသာပေါင်းစုံမှ ဘာသာဝင်များ အချင်း ချင်း တစ်ဦးရဲ့ ဘာသာတရားကို တစ်ဦးက အပြန်အလှန် လေးစားလိုက်နာပြီး အတူတကွ အေးချမ်းစွာနေထိုင်သွားကြဖို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ နိုင်ငံတော်မှာ သဘာဝဘေးကြောင့် ဒုက္ခတွေမဖြစ်ပေါ်စေဖို့အတွက် ဆုတောင်းမေတ္တာပို့သပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အေးချမ်းသာယာရေးအတွက် ဘာသာပေါင်းစုံမှ ညီအစ်ကို မောင်နှမများအားလုံး ပူးပေါင်းဆောင် ရွက်ကြရင်းဖြင့် နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ ကြီးဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးမှလည်း ကင်းဝေးကျော်လွှားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

1121KMN2(2).jpg

ကာဒီနယ် ချားလ်စ်မောင်ဘို

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်

ကျွန်ုပ်တို့အားလုံး မြန်မာနိုင်ငံတော်သစ်ကို ထူထောင်ဖို့အတွက် “အတူ တကွ စိတ်ကူးပုံဖော်ကြဖို့” ကျွန်ုပ်အနေနဲ့ အလေးအနက်ထား တိုက်တွန်းလိုပါ တယ်။ ကျွန်ုပ်တို့ အတူတူ အကောင်အထည်ဖော်နိုင်ပါတယ်။ ၂၀၂၀ မှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ပြည်သူပြည်သားတွေ ညီညီညာညာနဲ့ တစ်ခဲနက် မဲပေးအောင်နိုင်ခဲ့ကြတာကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ရပါပြီ။ တိုင်းရင်းသားဒေသတွေ မှာတောင် ပြည်သူတွေဟာ ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်နဲ့ NLD ကို မဲပေးခဲ့ ကြပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာကို အခြေခံပြီး ဖြစ်ပေါ်နေတဲ့ စိတ်ဝမ်းကွဲ မှုတွေကို ပြန်လည်ကုစားဖို့ အချိန်တန်ပြီဆိုတာ ရှင်းနေပါတယ်။ အဲဒီအတွက် အသက်၊ သွေး၊ ချွေး များစွာပေးဆပ်ခဲ့ရပြီးပါပြီ။ ကျွန်ုပ်တို့အချင်းချင်း ပြန်လည် သင့်မြတ်ခြင်းအားဖြင့် ထိခိုက်နာကျင်နေတဲ့နိုင်ငံကို ပြန်လည်ကုစားကြပါစို့။ တရားမျှတမှုမရှိရင် ငြိမ်းချမ်းရေးရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အုပ်ချုပ်သူအစိုးရဟာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ပြည်သူပြည်သားတွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာရပါမယ်။ မတူကွဲပြားမှုမှာလည်း ဂုဏ် သိက္ခာရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေးမှာ တရားမျှတမှု ရှိလာပြီး ငြိမ်းချမ်းရေးဖြစ်ထွန်းလာမယ့်နေ့ကို ကျွန်ုပ်တို့အတူတကွ စိတ်ကူး ပုံဖော်ကြပါစို့။ ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့စစ်ဘေးရှောင်တွေ မိမိတို့နေရပ်ကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်မယ့်နေ့ကို ကျွန်ုပ်တို့အတူတကွ စိတ်ကူးပုံဖော်ကြပါစို့။ အဖျက်အမှောင့်ကင်းကင်းနဲ့ ဒီမိုကရေစီစနစ်ဖြစ်ထွန်းလာ မယ့်နေ့၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးမှာ ဘာသာတရားကလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်လာမယ့်နေ့၊ သယံဇာတတွေကို ညီတူမျှတူ ပွင့်လင်းမြင်သာ စွာ ခွဲဝေသုံးစွဲတဲ့ “ရွှေနိုင်ငံတော်” ဖြစ်လာမယ့်နေ့၊ အရှေ့တောင် အာရှမှာ အဆင်းရဲဆုံးနိုင်ငံကနေ အဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်လာမယ့်နေ့ စတာတွေ ကို ကျွန်ုပ်တို့အတူတကွ စိတ်ကူးပုံဖော်ကြပါစို့။

၂၀၂၀ က အိပ်မက်ဆိုးတွေလည်း ကွယ်ပျောက်သွားပါစေ။ ကျွန်ုပ်တို့ စိတ်ကူးထဲမှာရှိနေတဲ့ ငြိမ်းချမ်းပြီး ကျန်းမာချမ်းသာတဲ့ မြန်မာနိုင်ငံ တော်သစ် လည်း အမှန်တကယ် ထွက်ပေါ်လာပါစေ။

ပြည်သူပြည်သားအားလုံးလည်း မင်္ဂလာအပေါင်းခညောင်းတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

 1121KMN2(3).jpg

ဒေါက်တာလှထွန်း

မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)အလုပ်အမှုဆောင် အဖွဲ့ဝင်၊ သာသနာပြု အကျိုးတော်ဆောင် - သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်

၂၀၂၀ ပြည့်နှစ်မှာ ကပ်ဆိုးရောဂါကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ လူတိုင်း စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်။ မလိုအပ်တဲ့ ပြဿနာတွေ ဘဝမှာမကြုံခဲ့ရတဲ့ ပြဿနာတွေကို ကြုံတွေ့ခဲ့ရတယ်။ ရင်ဆိုင်ခဲ့ရတယ်။ လာမယ့် ၂၀၂၁ ခုနှစ်မှာ ကပ်ဘေးရောဂါမှ လွတ်မြောက်ပြီး အေးချမ်းသော၊ ငြိမ်းချမ်းသောဘဝကို ပိုင်ဆိုင်ပြီး မိမိတိုင်းပြည်အတွက်၊ မိမိဘာသာသာသနာအတွက် လုပ်ဆောင် နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ ဒီနှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသားများနဲ့တကွ၊ မြန်မာနိုင်ငံမှာရှိတဲ့ မိဘပြည်သူများ ညီအစ်ကိုမောင်နှမများအားလုံး ဘေးရန် ကင်းပြီး ကျန်းမာ ချမ်းသာကြပါစေလို့ ကျွန်တော့်အနေနဲ့ ဟိန္ဒူဘာသာအရ ဆုတောင်းရမယ်ဆိုရင် သတ္တဝါအပေါင်း ဘေးရန်ကင်းပြီး သုခအပေါင်းနှင့် ပြည့်စုံကြ ပါ စေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

1121KMN2(4).jpg

စတီဗင် သန်းမြင့်ဦး

မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) သာသနာပိုင်ချုပ်ကြီး

အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ၂၀၂၁ နှစ်သစ် ဖြစ်ပါစေလို့ ဆန္ဒပြု လိုက်ရပါတယ်။ ၂၀၂၀ နှစ်ဟောင်းမှာ ကိုဗစ်-၁၉ အပါအဝင် ကပ်ရောဂါ အခက်အခဲအမျိုးအမျိုးနဲ့ ကမ္ဘာကြီးကြုံတွေ့ရတယ်။ ဖျားနာလာတယ်။ မြန်မာပြည်သည်လည်းပဲ ဤကဲ့သို့ ဒုက္ခပြဿနာအမျိုးမျိုး ကြုံတွေ့ရသော်လည်းပဲ အောင်မြင်ကျော်လွှားနိုင်ခဲ့ပါတယ်။ ယခုလာမယ့် နှစ်သစ် ၂၀၂၁ ခုနှစ်မှာ ကမ္ဘာသူကမ္ဘာသားအားလုံးရဲ့ စည်းလုံး ညီညွတ်ခြင်း၊ မြန်မာပြည်သူပြည်သားအားလုံးရဲ့ စည်းလုံးညီညွတ်ခြင်းအားဖြင့် လာမယ့်နှစ်သစ်မှာ ကပ်ရောဂါမှစ၍ မကောင်းသော ဘေးဒဏ်၊ ရန်အပေါင်းကို အောင်မြင်ကျော်လွှားနိုင်ပြီးသကာလ၊ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်တကွ အောင်မြင်တိုးတက်တဲ့ ကမ္ဘာကြီး မြန်မာပြည်ကြီးဖြစ်ပါစေ၊ တိုင်းသူပြည်သားအားလုံးလည်း နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ ခရစ်တော်နာမ၌ ဆုတောင်းစကား ဆိုလိုက်ရ ပါတယ်။ အားလုံးအပေါ် ဘုရားသခင် ကောင်းချီးမင်္ဂလာ သက်ရောက်ပြီးဖြစ်ပါစေ။

 1121KMN2(5).jpg

အယ်ဟဂျ်ခလီဖွှာ ဦးအေးလွင်

အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်ဩရေးမှူး

အခုလာမယ့် နှစ်သစ်ကူးကာလ၊ မြန်မာပြည်သူပြည်သား အပေါင်းနဲ့တကွ ကမ္ဘာတစ်ဝန်းမှာ မှီတင်းနေထိုင်တဲ့ သဗ္ဗေသတ္တာဝေနေယျာတွေ အားလုံးအပေါ်မှာ အေးချမ်းသာယာ ငြိမ်းချမ်းမှုနဲ့ သန္တိသုခများ ဖြာဝေပါစေလို့ ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၀ ပြည့်နှစ်မှာ ကျွန်တော်တို့အတွက် သင်ခန်းစာရစရာတွေ၊ စိန်ခေါ်ချက်တွေ အများကြီးရှိပါတယ်။ သို့သော် ဒီစိန်ခေါ်ချက်တွေကို အခွင့်အရေး အဖြစ် အသုံးချနိုင်မယ်ဆိုရင် ၂၀၂၁ ခုနှစ်မှာ အများကြီး ကျွန်တော်တို့အတွက် ခွန်အားတွေ ထွက်နိုင်ပါတယ်။ မျက်စိနဲ့ မမြင်ရတဲ့ အဏုဇီဝပိုးမွှားလေးကို ကျွန်တော်တို့က ရင်ဆိုင်နေရပါတယ်။ ဘုံရန်သူ အဖြစ်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီဘုံရန်သူဟာ လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲနဲ့၊ ကျား၊ မ ကိုလည်း ခွဲခြားမှုမရှိဘဲနဲ့၊ အဆင့်အတန်းလည်း ခွဲခြားမှုမရှိဘဲနဲ့ တိုက်ခိုက်တယ်။ အဲဒီလို တိုက်ခိုက်တဲ့အခါ သူ့ကိုပြန်ပြီး ရင်ဆိုင်တဲ့အခါမှာ လူမျိုးဘာသာ ခွဲခြားမှု မရှိ၊ ကျား၊ မ ခွဲခြားမှု မရှိ၊ အဆင့်အတန်းခွဲခြားမှု မရှိဘဲနဲ့ တက်ညီ လက်ညီ ညီညီညွတ်ညွတ်နဲ့ ပြန်လည်ပြီး ခုခံကာကွယ်မယ်ဆိုရင် မုချမသွေ အောင်မြင်မှုရနိုင်ပါတယ်။ အဲဒီသင်ခန်းစာက နောက်နှစ်အတွက် ဆက်ပြီး သယ်ဆောင်သွားရမယ့် သင်ခန်းစာဖြစ်ပါတယ်လို့ ပြောရင်း အားလုံးအပေါ်မှာ ငြိမ်းချမ်းသာယာငြိမ်းချမ်းမှုများ ကျရောက်ပါစေလို့ မေတ္တာပို့သအပ်

ပါတယ်။

တွေ့ဆုံမေးမြန်း - မင်းသစ်(MNA)

ဓာတ်ပုံ-နေလင်း