Skip to main content

မြန်မာနိုင်ငံ၏ တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ သုံးသပ်မှုခံယူရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၁

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UPR လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တတိယအကျော့ လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာ၏ သုံးသပ်မှုခံယူရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံ၏ UPR တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၇ ရက် တွင် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ UPR လုပ်ငန်းအဖွဲ့ရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းအဖွဲ့၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာနိုင်ငံ၏ အစီရင်ခံစာအပေါ် သုံးသပ်မှုခံယူခြင်းကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ကိုဗစ်-၁၉ အခြေအနေကြောင့် ဂျီနီဗာရှိ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက ကိုယ်တိုင် တက်ရောက်၍ မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်မည် ဖြစ်ပါကြောင်း၊ သုံးသပ်မှုခံယူစဉ် အတွင်း မြန်မာကိုယ်စားလှယ် အဖွဲ့က ပြန်လည်ဖြေကြားခြင်းများ ဆောင် ရွက်ရမည်ဖြစ်ရာ လိုအပ်သော ကြိုတင် ပြင်ဆင်မှုများကို စီစဉ်ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ ပြန်လည် ဖြေကြားမည့် ဌာနနှင့် အကြောင်း အရာများကို ယခုအစည်းအဝေးတွင် ဆွေးနွေးသတ်မှတ်မည်ဖြစ်ပြီး အချက် အလက် ပြည့်စုံစွာဖြင့် သတ်မှတ်ချိန် အတွင်း ထိရောက်စွာ တင်ပြနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြ သူများက လုပ်ငန်းအစီအစဉ်များ၊ ဖြေကြားမည့် အချက်အလက်များနှင့် ဆက်လက်ဆောင်ရွက် မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်