လူသားများအားလုံးကို အန္တရာယ်ပေးလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါကို ကြောက်မက်ဖွယ်ရောဂါဆိုး အဖြစ်ရှုမြင်ထားကြပါသည်။ လက်တွေ့တွင် တစ်ကမ္ဘာလုံး၌ ၎င်းရောဂါပိုးကူးစက်ခံရသူ ၉၃ သန်းကျော်နှင့် ထိုဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ နှစ်သန်းကျော်ပြီဖြစ်သည်။ ၎င်းရောဂါပိုးသည် ကမ္ဘာတွင် ဆက်ရှိနေဦးမည်ဖြစ်၍ ထိခိုက်ဆုံးရှုံးသည့် လူသားများ နေ့စဉ်တိုးနေသည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် လူသားများအား ဆိုးကျိုးပေးသည် ဆိုသော်လည်း အကောင်း ဘက်မှရှုမြင်လျှင် လူသားများနှင့်လောကဝန်းကျင် အား ကောင်းသောအပြုအမူများ ကျင့်ကြံနေထိုင် ပြုလုပ်ဆောင်ရွက်ကြရန် သင်ခန်းစာပေးရန် ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာစွာနေထိုင်တတ်မှု၊ စည်းကမ်းလိုက်နာတတ်မှု၊ လူမှုဘဝ နေထိုင် ဆက်ဆံမှုနှင့် စီးပွားရှာဖွေလုပ်ကိုင်မှုတို့၌ New Normal New Living New City New Life ပုံစံသစ်အမျိုးမျိုး ပြောင်းလဲလာသည်။
ယင်းပြောင်းလဲမှုအသစ်များသည် အသစ်ဖြစ်ပေါ်လာသည့် ကောင်းမွန် သောအရွေ့ များဖြစ်သည်။ လူ့သဘာဝအရ အပြောင်းအလဲကို လိုလားကြ သော်လည်း ပြောင်းလဲခြင်းအမှုကိစ္စများကို စတင်ပြုလုပ်ရန် ခဲယဉ်းတတ် သည်။ အပြောင်းအလဲကို အလိုရှိကြသည်ဆိုသော်လည်း ပုံမှန်အတိုင်း၊ နေမြဲ၊ စားမြဲ၊ လုပ်မြဲ၊ ကိုင်မြဲအတိုင်း နေလိုကြ သည်က များသည်။ လျင်မြန်စွာ ခေတ်မီတိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီး၌ နိုင်ငံအများ နည်းပညာစနစ် သို့ ကူးပြောင်း နေသော်လည်း မြန်မာနိုင်ငံမှာ နောက်ကျကျန်ခဲ့သည်။ ။
သာဓကအားဖြင့် မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် ကွန်ပျူတာ စနစ် စတင်ပေါ်ထွန်းလာပြီး ၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်ကာလရောက်သော အခါ အင်တာနက်စနစ်ထွန်းကားလာသည်။ နည်းပညာ တိုးတက်ပြောင်း လဲမှုသည် ၁၀ နှစ်မျှ ကွာဟခဲ့သည်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် အစိုးရ အုပ်ချုပ်ရေးစနစ်မှ စတင်၍ e- Government စနစ်ဒစ်ဂျစ်တယ်အစိုးရစနစ် အကောင်အထည်ဖော်မည်ဟု ကြွေးကြော်ကာ ရုံးလုပ်ငန်းစနစ်များ စတင်ခဲ့သော်လည်း နှေးကွေးနေခဲ့သည်။ ။
နည်းပညာစနစ်၊ နည်းပညာအရင်းအမြစ် လိုအပ်ချက်များရှိသည် ဆိုသည်ထက် အပြောင်းအလဲအသစ်၊ အေအသစ်တစ်ခုကို ချောချောမွေ့မွေ့ မတက်လှမ်းနိုင်ခြင်း၊ မပြောင်းလဲနိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။ နှစ်ပေါင်း ၂၀ ကြာမှ ကိုဗစ်-၁၉ ကပ်ရောဂါဘေး၏ စိန်ခေါ်မှုတွန်းအားကြောင့် မြန်မာ့ ရေးရာ နယ်ပယ်အသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာစနစ်ကို လျင်လျင် မြန်မြန် ကူးပြောင်းလာသည်ကိုတွေ့ရသည်။ ဒစ်ဂျစ်တယ်စနစ်သည် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ကတည်းက ဖြစ်ထွန်းနေပြီး ကိုဗစ်-၁၉ ကြောင့်သာ ယခုမှ မြန်မြန်ဆန်ဆန် လုပ်ကိုင်လာခြင်းဖြစ်သည်။
အစိုးရနယ်ပယ်၊ လူမှုဘဝနယ်ပယ်တို့တွင် ဒစ်ဂျစ်တယ်နည်းပညာကို တွင်တွင်ကျယ်ကျယ်ရှိလာခဲ့သည်။ အဝေးမှ လူကိုအနီးသို့ နည်းပညာဖြင့် ဆွဲယူ၍ ပြောဆိုဆွေးနွေး တိုင်ပင်နှီးနှော၊ လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ် သည်။ လူအချင်းချင်း ထိတွေ့ဆက်ဆံခြင်းမပြုနိုင်သော ကိုဗစ်-၁၉ ရောဂါကြောင့်သာ ဒစ်ဂျစ်တယ်စနစ်ကို မဖြစ်မနေ အသုံးပြုလာကြခြင်းဖြစ်သည်။ အကယ်၍ ရောဂါမဖြစ်လျှင် ဒစ်ဂျစ်တယ်နည်းပညာစနစ်မှာ နှေးကွေးနောက် ကျနေဦးမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာစနစ် ဖြစ်ထွန်းလာသည် ဆိုသော်လည်း အပြည့်အဝတော့ မဟုတ်သေးပေ။ အလုံးစုံအောင်မြင်ရေး အတွက် ဆက်လက်ကြိုးပမ်းရဦးမည်ဖြစ်သည်။
နည်းပညာကိုအသုံးချ၍ ဒစ်ဂျစ်တယ်အုပ်ချုပ်ရေး၊ ဒစ်ဂျစ်တယ်စီမံခန့်ခွဲ ရေး၊ ဒစ်ဂျစ်တယ်ပညာရေး၊ ဒစ်ဂျစ်တယ် ဖျော်ဖြေရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဒစ်ဂျစ်တယ်ရောင်းဝယ်ဖောက်ကားရေး စသည်ဖြင့် နယ်ပယ်ကဏ္ဍအသီးသီး တွင် လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ်သည်။ လက်ဆေးခြင်း၊ မျက်နှာ အကာအကွယ် တပ်ဆင်ခြင်းတို့ကို အလေ့ အထသဖွယ်ပြုလုပ်လာကြသည်။ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှုကြောင့် တိုးတက်မှုရှိသည်ဆိုသော် လည်း လူသားအရင်းအမြစ် မလေလွင့်ရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရေးကို ဆက်လက်ရှေးရှု ကြိုးပမ်း ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် အဆိုးတရားဟုဆိုသော်လည်း ထိုအဆိုးတရားကို ကြာရှည်စွာ ကာကွယ်ရင် ဆိုင်နိုင်ရေး သို့မဟုတ် ကိုဗစ်၁၉နှင့်အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက်အဆိုးထဲမှကောင်းကွက်ကိုရှာကာ မိမိတို့ ဘဝ၊ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့နိုင်ငံ တိုးတက်သည်ထက် တိုးတက် အောင် ကိုယ်စီကိုယ်စီအသုံးချ ကြိုးပမ်း ရမည်ဖြစ်ပါကြောင်း။