မုံရွာ ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်(၉)နာရီ မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းမြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးသို့ တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ ယနေ့ အစည်းအဝေးကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်မည့် လူထုဗဟိုပြုစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်များအနက် မြို့နယ်(၁)မြို့နယ်ကို ထပ်မံရွေးချယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သတ္တမစက်ဝန်းမှာ လုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့ အတွက် အကြံဉာဏ်ရယူ ဆွေးနွေးကြမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ပူးပေါင်းပါဝင် အားဖြည့်ပေးသည့်အနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ငွေ၊ ချေးငွေ၊ အီတလီ အစိုးရမှ အတိုးမဲ့နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှထည့်ဝင်ငွေများဖြင့် လူထုဗဟိုပြုစီမံကိန်း(National Community Driven Development- Project-NCDDP)ကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း (၆၃)မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပင်လည်ဘူးမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ မြောင်မြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ကနီမြို့နယ်များမှာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး အောင်မြင်မှုတွေရရှိနေပါကြောင်း၊ ယခုလက်ရှိ မြို့နယ်(၅)မြို့နယ်အတွင်းမှာ ကျေးရွာအုပ်စု(၂၂၆)အုပ်စု၊ ကျေးရွာပေါင်း(၈၅၀)ရွာတွင် အခြေခံအဆောက်အဦအမျိုးအစားစုစုပေါင်း(၂၃၃၅)ခုကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ စီမံကိန်း သတ္တမနှစ်စက်ဝန်းတွင် မြို့နယ်(၁၃)မြို့နယ် တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအသစ် စတင်တာဝန်ထမ်းဆောင်ပြီး ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုရဲ့ စွမ်းဆောင်ရည်မြင့်မားရေးနဲ့ ဒီမိုကရေစီ နည်းလမ်းတကျ ဖွံ့ဖြိုးရေးဆောင်ရွက်တတ်စေဖို့ အထောက်အကူပြုတဲ့ ဒီလူထုဗဟိုပြုစီမံကိန်းဟာ အလွန်ထိရောက် ကောင်းမွန်တဲ့ စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ကျေးလက် ဒေသများမှာ အဓိကလိုအပ်ချက်များဖြစ်တဲ့ ကျေးလက်အခြေခံ အဆောက်အဦနဲ့ အခြေခံဝန်ဆောင်မှုတွေကိုလည်း ဒီစီမံကိန်းက ပံ့ပိုးပေးနေပါကြောင်း၊ ယခု စီမံကိန်းမှာ အရွေးခံရတဲ့ မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအားလုံးမှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာဖြစ်တာကြောင့် ကျေးလက် ဆင်းရဲမှုနှုန်း လျော့ချရေးကို အဓိကထောက်ကူသွားနိုင်မှာဖြစ်ပြီး မြို့ပြနဲ့ကျေးလက်ဆင်းရဲမှု ကွာဟချက်ကိုလည်း ကျည်းမြောင်းလာစေဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လမ်း၊ တံတား၊ ရေရရှိရေး၊ မီးရရှိရေး၊ ကျေးလက်အိမ်ရာများ၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနစတဲ့ လိုအပ်ချက်တွေကို ခုရွေးချယ်ခံ ရမယ့် မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအားလုံးမှာ (၄)နှစ်တာအကောင်အထည်ဖော် ပေးသွားမှာဖြစ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ကျေးရွာများဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချရေးကို များစွာအထောက်အကူပြု မှာ သေချာတဲ့အတွက် ကျေးလက်ပြည်သူအားလုံးကလည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုနေကြမှာဖြစ်ပါကြောင်းနှင့် လူထုဗဟိုပြုစီမံကိန်းဟာ လူထုကိုအခြေပြုပြီးလူထုဆန္ဒနဲ့ လိုအပ်ချက်အရ လူထုပါဝင်ဖွဲ့စည်းထားတဲ့ ကော်မတီတွေ၊ အဖွဲ့တွေက တာဝန်ယူ အကောင်အထည်ဖော်ပေးရမှာဖြစ်လို့ စုပေါင်းတာဝန်ယူမှုနဲ့ စုပေါင်းဆောင်ရွက်မှုဆိုတဲ့ ညီညီညွတ်ညွတ်လုပ်ကိုင်တတ်တဲ့ အလေ့အကျင့်ကောင်းများလည်း ရရှိစေတဲ့ စီမံကိန်းဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။ တစ်နိုင်ငံလုံးအနေဖြင့် (၇၆)မြို့နယ်ကိုပဲ ထောက်ပံ့နိုင်မှာဖြစ်တဲ့အတွက် ရွေးချယ်ခံရတဲ့ မြို့နယ် အတွင်းရှိ ကျေးရွာအားလုံးမှာ သတ်မှတ်ထားတဲ့ငွေပမာဏနဲ့ ကိုက်ညီမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကမ္ဘာ့ဘဏ်ရဲ့ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက် ပေးသွားမှာဖြစ်လို့ အရွေးခံရတဲ့မြို့နယ်အတွင်းရှိ ကျေးရွာအားလုံးဖွံ့ဖြိုးမှုအကျိုးကျေးဇူးများကို ခံစားရမှာဖြစ်ပါကြောင်းနှင့် ကျန်ရှိမြို့နယ်များအနေနဲ့လည်း စီမံကိန်းအောင်မြင်တာနဲ့အမျှ ကမ္ဘာ့ဘဏ်နဲ့ တခြားဖွံ့ဖြိုးရေးအေဂျင်စီ အသီးသီးက ထပ်မံရောက်ရှိလာမယ့်အကူအညီများနဲ့ နိုင်ငံတော်အစိုးရဘတ်ဂျက်ရန်ပုံငွေ ၊ တိုင်းဒေသကြီးရန်ပုံငွေတွေနဲ့ ဆက်လက်အကောင်အထည်ဖော်ပေးသွားမှာဖြစ်လို့ သည်းခံပြီး နားလည်မှုရှိစွာ စောင့်စားပေးကြဖို့နဲ့ ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်အတွင်းကကျေးရွာများ ဖွံ့ဖြိုးရေးအတွက် ဝိုင်ဝန်းအကြံပြုဆွေးနွေးပေးကြပါရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့မှလည်း လိုအပ်သည့်လုပ်ငန်းစဉ်များအားလုံး ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ပေးကြပါလို့” တိုက်တွန်းအမှာစကားပြောကြားသည်။
ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုညိုဝင်းက မိတ်ဆက်စကားပြောကြားပြီး ကလောမြို့ လူထုဗဟိုပြုစီမံကိန်း ဗွီဒီယို မှတ်တမ်းခွေကိုပြသရာ ဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က စီမံကိန်းအကြောင်းကို ရှင်းလင်းတင်ပြပြီး သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ သည်။
ယင်းနောက် အုပ်စုငယ်များခွဲ၍ သတ်မှတ်ချက်များအတိုင်း မြို့နယ်ရွေးချယ်ခြင်းနှင့် ဆွေးနွေးမှုရလဒ်များကို တာဝန်ရှိသူများက အသီးသီးတင်ပြကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)