Skip to main content

ပခုက္ကူဒေသဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပခုက္ကူ  ဖေဖော်ဝါရီ   ၃

ပခုက္ကူဒေသဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီခွဲ အချိန်က ပခုက္ကူမြို့၊ ချမ်းမြေ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ မိုးအလင်္ကာတေးဂီတနှင့်ချစ်သူများအဖွဲဥက္ကဋ္ဌ၊ ကျန်းမာရေးမှူး(ငြိမ်း) ဒေါက်တာလှိုင်မိုးက ပခုက္ကူ ဒေသ ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲပြုလုပ်မည့် ရည်ရွယ်ချက်များအကြောင်း၊ ပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပွဲအစီအစဉ်များ ရေးဆွဲနိုင်ရေးတို့အတွက် ဝိုင်းဝန်းကူညီအကြံဉာဏ်ပေးကြရန် လိုအပ်ကြောင်းတို့ကို  ပြောကြားသည်။

ဆက်လက်၍  တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတေးဂီတပညာရှင် များနှင့် တေးဂီတဝါသနာရှင်တို့က ပခုက္ကူဒေသဂုဏ်ပြုတေးသီချင်းပြိုင်ပွဲပြုလုပ်မည့် အစီအစဉ်၊ နေရာ၊ အချိန်၊လ၊ရက်များနှင့် ကောင်းမွန်စွာ အခမ်းအနားပြင်ဆင်နိုင်ရေး အကြောင်းများ၊ ပခုက္ကူဒေသနှင့်ပတ်သက်သည့် သမိုင်းအချက်အလက်အကြောင်း အရာများကို မှန်ကန်ကောင်းမွန်စွာသိရှိသော ဒိုင်လူကြီးများနှင့် တေးဂီတပညာကိုကောင်းစွာ တတ်ကျွမ်းနားလည်ပြီး အဆုံးအဖြတ်ပေးနိုင်မည့် တေးဂီတပညာရှင် ဒိုင်လူကြီးများ ငှားရမ်းနိုင်ရေးအကြောင်းများနှင့် ပခုက္ကူဒေသနှင့်ပတ်သက်သည့် တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်သီချင်းများ၏ စားသား၊ သံစဉ်၊ အလင်္ကာမြောက်မှု၊ ယှဉ်ပြိုင်သူ၏ အသံကြည်လင် ပြတ်သားမှုနှင့် အသံကောင်းမွန်မှုတို့အပြင် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ မှန်ကန်ခြင်းသည် အရေးကြီးသကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဒေသအတွက် အကျိုးပြုသော သီချင်းကောင်းများ ပိုမိုထွန်းကားပြန့်ပွားရန်လည်း လိုအပ်ကြောင်းတို့ကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြသည်။

ထို့နောက် ပြိုင်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ပခုက္ကူဒေသဂုဏ်ပြုသီချင်းပြိုင်ပွဲကြီးကို ဖေဖော်ဝါရီလ (၁၅)ရက်နှင့် (၁၆)ရက်နေ့ တို့တွင် ကျင်းပနိုင်ရေး၊ ပြိုင်ပွဲဝင်များအနေဖြင့် အဖွဲ့လိုက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဖွဲ့လိုက် သီချင်းစာသားများ ရေးသား၍ သံစဉ်၊ တီးခတ်မှုနှင့် သီဆိုမှုသုံး မျိုးပါဝင်ရမည်ဖြစ်ကြောင်း၊ ယင်းသုံးမျိုးပါဝင်ပြီး မြန်မာသံစဉ်သီချင်းကိုသာ ဦးစာပေးမည်ဖြစ်ကြောင်း၊ မြန်မာ့ဆိုင်း၊ အိုးစည်း၊ ဒိုးပတ်၊ ဗုံတို၊ ဗုံရှည်၊ ပတ္တလား၊ စောင်း၊ တယော၊ ဒုံမင်း၊ မယ်ဒလင်၊ စန္ဒရား၊ ကီးဘုတ်စသည့် မိမိကြိုက်နှစ်သက်ရာ ဂီတပစ္စည်းများ အသုံးပြုတီးခတ်နိုင်သကဲ့သို့ ခေတ်ပေါ်ဂစ်တာနှင့်ဒရမ်များလည်း အသုံးပြုနိုင်ကြောင်း၊ ကိုယ်ပိုင်မြန်မာသံစဉ်သီချင်းများကို တစ်ဦးချင်း(သို့) အဖွဲ့လိုက်များ ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းတို့ဖြင့် အပြန်အလှန် ဆွေးနွေးဆုံးဖြတ်ကြသည်။

အဆိုပါသီချင်းပြိုင်ပွဲကြီးကို ပခုက္ကူဒေသအတွက် အကျိုးဖြစ်ထွန်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော သီချင်း ကောင်းများ ပိုမိုပေါ်ထွန်းလာရေး၊ ဒေသအချက်လက်၊သမိုင်းအကြောင်းအရာမှန်ကန်သော သီချင်းများ ဖော်ထုတ်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားပြည်သူများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် ဒေသအတွက် အကျိုးပြု သီချင်းများ ပိုမိုရေးစပ်သီဆို နိုင်စေရေး တို့အတွက် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၁၅) ရက်နှင့် (၁၆)ရက်တို့တွင် ပခုက္ကူမြို့၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအနောက်ဘက်တွင် ကျင်းပမည်ဖြစ်သည်။ ၎င်းပြိုင်ပွဲတွင် မြန်မာသံစဉ်သီချင်းပြိုင်ပွဲဝင် (၉)ဦးတို့က သီဆိုယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဖိတ်ကြားထားသော နိုင်ငံကျော်မြန်မာသံစဉ်အဆိုတော်များမှလည်း လာရောက်၍ သီးခြားဂုဏ်ပြု သီချင်းများဖြင့် သီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်းသိရသည်။

ဆလိုင်းကိုကီး