Skip to main content

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု တစ်နိုင်ငံလုံး မလွှမ်းခြုံနိုင်သေးမီ ...

ယခုလအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲနမူနာစစ်ဆေးမှုများ လျော့နည်းသွားခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုမှာလည်း လျော့နည်းသွားသည်။ မြန်မြန်စစ်ဆေး၊ မြန်မြန်တွေ့ရှိ မြန်မြန်ကုသနိုင်မှသာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်လျှော့ချ တားဆီးနိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစစ်ဆေးမှု ၁၆၀၀၀ ကျော်ခန့်မှသည် ၁၉၀၀၀ ကျော်ခန့်အထိ စစ်ဆေးခဲ့သည့် နှုန်းများအတိုင်း ပြန်လည်စစ်ဆေး သွားနိုင်ရန်လည်း မျှော်လင့်မိသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ကူးစက်မြန်ပြင်းထန်သည့် ဗိုင်းရပ်စ်ဖြစ်သည့်အလျောက် စစ်ဆေးဖော်ထုတ်မှုအားနည်း မျက်ခြည်ပြတ်သွားသည်နှင့် ကူးစက်နှုန်း၊ မြင့်တက်လာမည့် အရေးကိုလည်း မျှော်တွေးစိုးရိမ်မိသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းများ ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်မှုစတင်ထားနိုင်ခဲ့ပြီဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် အက်စ်ထရာဇနီကာ ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်သည့် COVISHIELD ကို ထိုးပေးနေခြင်းဖြစ်သည်။ ၎င်းဆေးကို ပထမအကြိမ် ထိုးနှံပြီးနောက် ရက်သတ္တလေးပတ်ခြားပြီး ဒုတိယအကြိမ် ထပ်မံထိုးနှံကြရမှာလည်းဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံရာတွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများ၊ ဗဟို/တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ စသည်ဖြင့် ရှေးဦးစွာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးအရေအတွက် နှစ်သန်းသည်လည်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လေကြောင်းမှ ရောက်ရှိလာခဲ့ရာ ကျေးလက်ပြည်သူများအပါအဝင် ပြည်သူလူထုအား ကာကွယ်ဆေးထိုးနှံရေး စီမံဆောင်ရွက်လျက် ရှိသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး အမြန်ဆုံးထိုးနှံနိုင်ရေး အစီအစဉ်သစ်များအဖြစ်လည်း “FDA က အသိအမှတ်ပြုပြီး အာမခံချက်နှင့် ထိရောက်မှုရှိသည့် ကာကွယ်ဆေးအမျိုးအစားသစ်များ ခွင့်ပြု ခြင်းနှင့် ပုဂ္ဂလိကထိုးနှံလိုသူများ၊ တင်သွင်းလိုသူများကို ခွင့်ပြုသွားမည်” ဖြစ်ကြောင်း၊ ခွင့်ပြုပေးသွားမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ ရုရှားနိုင်ငံထုတ် Sputnik V၊ တရုတ်နိုင်ငံ ထုတ် SARS COVI နှင့် အိန္ဒိယနိုင်ငံထုတ် COVAXIN တို့ ဖြစ်ကြောင်းကို သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံပြီးစီးနိုင်ရန်မှာ အချိန်ကာလတစ်ရပ်လိုအပ်သည်။ ထို့အပြင် ပထမအကျော့ ကာကွယ်ဆေးထိုးနှံထားပြီးသူများ မှာလည်း ရောဂါကူးစက်မှုမှ ကာကွယ်နိုင်သည့် အခြေအနေသို့ မရောက်သေး။ သို့ဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် စီမံချက်နှစ်ရပ်ဖြစ်သော “ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း၊ မိသားစုစီမံချက်"တို့အတိုင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လူတိုင်းကိုယ်စီ ကျင့်သုံးကြရမည်ဖြစ်သည်။ အဓိကအားဖြင့်မူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အခြေခံအချက်များဖြစ်သည့် လူစုလူဝေးကို ရှောင်ခြင်း၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာ၊ အရက်ပြန်တို့ဖြင့် မကြာမကြာဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေထက်မနည်း ခပ်ခွာခွာနေခြင်းတို့ကို အလေ့အကျင့်ပြု၍ နေ့စဉ်နေထိုင်မှုများတွင် စွဲမြဲစွာကျင့်သုံးသွားကြခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါဘေးမှ ရှောင်ရှားလွတ်မြောက် နိုင်ကြမည်ဖြစ်ပါကြောင်း။ ။