Skip to main content

ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး မူဆယ်ခရိုင်အတွင်းရှိ နယ်စပ်ဂိတ်ပေါက်များ၌ အရှိန်အဟုန်မြှင့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်လျက်ရှိ

မူဆယ် ဖေဖော်ဝါရီ ၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်းရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များကို ရှမ်းပြည်နယ် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး(လားရှိုး) ဦးကျော်သူဇော်၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး (လားရှိုး) ဒေါက်တာ တင်မောင်ညွန့် တို့ ဦးဆောင်သည့်အဖွဲ့က ဖေဖော်ဝါရီ ၁ ရက် မှ စတင်၍ ဖေဖော်ဝါရီ ၃ ရက်အထိ သုံးရက်ကြာ နယ်စပ်ဂိတ်ပေါက်များ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ခြင်း အခြေအနေများကို လေ့လာကြည့်ရှု စစ်ဆေးခြင်း၊ ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို မေးမြန်း၊ မှာကြား၍ အားပေးစကားများ ပြောကြားခြင်းနှင့် မူဆယ်ခရိုင် ပြည်သူ့ဆေးရုံအသစ်တွင် တပ်ဆင်ထားသည့် ကျန်းမာရေးစက်ကိရိယာများကို လေ့လာ ကြည့်ရှုစစ်ဆေးသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်နိုင်ငံဘက်၌ အလုပ် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မူဆယ်မြို့ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်များမှ မြန်မာနိုင်ငံဘက်သို့ နေ့စဉ်ဝင် / ထွက်သွားလာလျက်ရှိသဖြင့် မူဆယ်မြို့ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနနှင့် ပရဟိတအသင်းအဖွဲ့တို့ ပူးပေါင်းမှုဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားလာခြင်းမှ ကြိုတင်ကာကွယ် နိုင်ရန် အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂ ရက်က မန့်ဟီးရိုးမြို့ရှိ နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်နှင့် နမ့်ခမ်းမြို့ရှိ မန့်ဟောင်းဂိတ်နှင့် နောင်တိန်းဂိတ်တို့ကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ရာ၌ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုအထောက်အကူပြု ပစ္စည်းကိရိယာ များကို လှူဒါန်းသည်။ ဆက်လက်ပြီး ဇန်နဝါရီ ၃ ရက်တွင် မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့ရှိ နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် ဖြစ်သည့် ဝမ်တိန်ဂိတ်ကို စစ်ဆေးပြီး နယ်စပ်ဂိတ်တွင် လိုအပ်သည့် စက်ကိရိယာများလှူဒါန်းခြင်း၊ မူဆယ်မြို့ မုံးကိုးမြို့နှင့် ပန်ဆိုင်းမြို့ တို့အတွက် Royal Loisamship ကုမ္ပဏီလီမိတက်မှ နှာခေါင်း စည်း စုစုပေါင်းငါးထောင်ကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးထံမှတစ်ဆင့် လှူဒါန်းသည်။

ဆက်လက်၍ ခရိုင်၊ မြို့နယ်အလိုက် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများ၊ ကြက်ခြေနီအသင်းများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံ၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွား ခြင်းမရှိစေရန် ပညာပေးဆွေးနွေးသည်။

▲ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ▲

မူဆယ်ခရိုင်အတွင်းရှိ နယ်စပ်ဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ် ဆောင်ရွက်ခြင်းအပေါ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး (လားရှိုး) ဒေါက်တာ တင်မောင်ညွန့်က “မူဆယ်ခရိုင်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေကို ဌာနဆိုင်ရာ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတတွေ ပူးပေါင်းပြီး လုပ်ဆောင်ချက်တွေဟာ ကျေနပ်စရာ ကောင်းတယ်။ အသိပညာပေးတာတွေ၊ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးတာတွေကအစ ကျေနပ်အားရတယ်။ လက်ရှိအချိန်ထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သံသယရှိတဲ့လူနာ မတွေ့ရှိသေးဘူး” ဟု ပြောကြားသည်။

▲ ကျန်းမာရေးစစ်ဆေးချက်အဆင့်ဆင့်ဆောင်ရွက် ▲

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ယနေ့တိုင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိသေးခြင်းသည် ဌာနဆိုင်ရာများ၊ ပရဟိတ အသင်းအဖွဲ့ များနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပြီး မူဆယ်မြို့မှ မြန်မာနိုင်ငံအနှံ့သို့ သွားလာနေသည့် ခရီးသည် များထံမှလည်း ကူးစက်လာခြင်း မရှိစေရန် နယ်စပ်ဂိတ်များအပြင် မူဆယ်မြို့အဝေးပြေးယာဉ်လိုင်းများ၊ မူဆယ်မြို့တွင်းများ၊ အခြေခံ ကျောင်း များနှင့် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့တို့တွင် ကျန်းမာရေးစစ်ဆေးချက်များ အဆင့်ဆင့်ဆောင်ရွက်ထားကြောင်း မူဆယ်မြို့ ခရိုင်အုပ်ချုပ် ရေးမှူး ဦးလှိုင်စိုးသန့်၏ ပြောကြားချက်အရ သိရသည်။

 

ဆလိုင်းဗန်ရိုးထန် (ပြန်/ဆက်)