Skip to main content

2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၀) ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ယနေ့နံနက် (၇) နာရီတွင် ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၀) သို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊နိုင်ငံတကာပညာရှင်များမှ ကွန်ပျူတာအသုံးပြု မျှော်မှန်းတွက်ချက်ခြင်း (modelling and simulation) ဖြင့် တွက်ချက်ထားသော ရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားသူများထံကူးစက်ပျံ့ပွားနိုင်မှု အခြေခံနှုန်း (basic reproduction number (R0)) တန်ဖိုးမြင့်မားနေမှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများမှ 2019 Novel Coronavirus ရောဂါပိုးကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကုထုံးသစ်များ စမ်းသပ်နေမှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှု ဆိုင်ရာ ဝန်ကြီးဌာနပညာရှင်များ၏ ကူးစက်ရောဂါဗေဒ ရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များနှင့် ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်း (active surveillance)၊ သံသယလူနာများအား စောစီးစွာ ထောက်လှမ်းခြင်း (early detection)၊ သံသယလူနာ/ အတည်ပြုလူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင် ထားရှိကုသမှုပေးခြင်း (isolation and case management)၊ သံသယလူနာ/ လူနာနှင့် အနီးကပ် ထိတွေ့ဆက်ဆံဖူးသူ (contact) များကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (contact tracing)၊ ရောဂါ ထပ်မံပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်ခြင်း (prevention of onward spread of 2019-nCoV infection) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှခြင်း (to share full data with WHO) တို့ကို လုပ်ဆောင်နေမှု၊ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်၊ ထွက်ပေါက် (၂၀) တွင် ဝင်ထွက် သွားလာနေမှုများအား ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်း ဆောင်ရွက်နေမှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေယာဉ်ဝင်ရောက်မှုမှာ ယခင်က နေ့စဉ် (၂၆) စီးရှိရာမှ ယခုအခါ ရှန်ဟိုင်းနှင့် ဟောင်ကောင်မှ လေယာဉ် (၂) စီးသာ ဝင်ရောက်တော့မှု၊ မြန်မာနိုင်ငံတွင် သံသယလူနာ (suspected case) နှင့် စောင့်ကြည့်လူနာ (person under investigation - PUI) တွေ့ရှိမှုနှင့် ဆောင်ရွက်ထားရှိမှုများ၊ ထိုသို့တွေ့ရှိမှုများတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ ကောင်းမွန်သော ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်နေမှု၊ သံသယလူနာများနှင့် အတူနေထိုင်သူများ၊ ရောဂါကူးစက်ခံရနိုင်ခြေရှိသည့် သံသယ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ (contact) များကို ထောက်လှမ်း၍ ရောဂါ စောင့်ကြပ်ကြည့်ရှုနေမှု၊ ဟိုတယ်နှင့် တည်းခိုခန်းများသို့ သံသယရောဂါ လက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်း များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ဆောင်ရွက်နေမှုအခြေအနေ နှင့် သတင်းပေးပို့နေမှု အခြေအနေများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် (၂-၂-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့သော မြန်မာနိုင်ငံသား ပညာသင် (၅၉) ဦး၏ ကျန်းမာရေးအခြေအနေသည် (ယနေ့၊ နံနက်ပိုင်း စစ်ဆေး ချက်များအရ) ကောင်းမွန်နေမှု၊ ဘဏ္ဍာရေး၊ ဆေး နှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေ အနေများ စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက် အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်း နှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က လမ်းညွှန်ပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၊ ပညာရှင်များအနေဖြင့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို “ပထမဦးစားပေး အရေးပေါ်” ကိစ္စရပ် (top priority emergency issue) အဖြစ် အားထုတ်ကြိုးပမ်း ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အားလုံးသည် ပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည် ဖြစ်သဖြင့် အလေးထားပြီး နိုးကြားတက်ကြွစွာ တုံ့ပြန် (proactive and balanced response) ဆောင်ရွက်ရန်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါဖြစ်ပွားမှုများနှင့် ပတ်သက်၍ ကောလဟလ သတင်း တု (rumour and disinformation) များကို ချေဖျက်ရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများအား အကြံပြုထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အင်တာနက်စာမျက်နှာ နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် အချိန်နှင့်တစ်ပြေးညီ (real-time basis) သတင်းထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ ပြည်သူလူထုအား 2019-nCoV လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားပျံ့နှံ့မှုအခြေအနေအား ဖော်ပြရာတွင် ရှင်းလင်းလွယ်ကူသော Dashboard ပုံစံဖြင့် ပြသနိုင်ရေး ဌာနအတွင်းတိုင်ပင် လုပ်ဆောင်ရန်၊ လူနာထံမှ ဓာတ်ခွဲနမူနာများရယူမှု၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ပေးပို့မှု၊ အတည်ပြု စစ်ဆေးနိုင်ရေးအတွက် ဆောင်ရွက်မှုအဆင့်ဆင့်တို့အား ပြည်သူများ သိရှိစေနိုင်ရန်အတွက် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်သွယ်မှုလမ်းကြောင်း (line of communication) တိကျပြတ်သားမှုသည် အထူးအရေးကြီးပါကြောင်း၊ သို့မဟုတ်ပါက မလိုလားအပ်သော နှောင့်နှေးမှုများနှင့် ရှုပ်ထွေးမှုများကို ကြုံတွေ့ရနိုင်ပါကြောင်း၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဆေးရုံများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန၊ လေဆိပ်ကျန်းမာရေးဌာနများ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များရှိ ကျန်းမာရေးတာဝန်ရှိသူများ အားလုံးအကြား မည်သည့်ဌာနမှ မည်သို့ဆက်သွယ် ဆောင်ရွက်ရမည်ဆိုသည့် ဆက်သွယ်ချိတ်ဆက်မှုလမ်းကြောင်းများကို ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် လုပ်ငန်းအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ပုံ အစီအစဉ် လမ်းကြောင်းပြ ကားချပ် (flow chart) ကို ရေးဆွဲပြီး သက်ဆိုင်ရာသို့ ဖြန့်ဝေပေးရန်၊ ဟိုတယ်နှင့် တည်းခိုခန်းများတွင် သံသယလူနာတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနအလိုက် တယ်လီဖုန်း (hot line) နံပါတ် များထားရှိထုတ်ပြန်ရန်၊ အဆိုပါ ဖုန်းနံပါတ်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ပေးပို့ရန်၊ နယ်စပ်ဒေသများနှင့် ရောဂါကူးစက်ဝင်ရောက်နိုင်ခြေရှိသော နေရာဒေများရှိ ကျန်းမာရေးဌာန များသို့ ဆေးနှင့် ဆေးပစ္စည်းများ ပိုမိုဖြန့်ဝေပေးခြင်းကိုသာမက နေရာဒေသအရ အချက်အခြာကျသော၊ မဟာဗျူဟာကျသော ကျန်းမာရေး ဌာနများတွင် ဆေးနှင့် ဆေးပစ္စည်းများ စုပုံထားရှိကာ ထပ်မံလိုအပ်သည့် နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်သွားရန်၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဆေးရုံများရှိ သီးခြားခန်းများသာမက တည်ဆောက်ပြီးစီးပြီး အသုံးပြုခြင်းမရှိသေးသော ကျန်းမာရေးဌာန အဆောက်အဦများတွင် စောင့်ကြည့်လူနာနှင့် သံသယလူနာများ ထားရှိနိုင်ရေး အတွက် ရောဂါ စောင့်ကြပ်ကြည့်ရှုခန်းနှင့် သီးခြားခန်းများ ပြင်ဆင်ထားရှိရန်၊ တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံ အဆောက်အဦ အပါအဝင် တည်ဆောက်ပြီးစီးပြီး အသုံးပြုခြင်း မရှိသေးသော တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ကျန်းမာရေးအဆောက်အဦများ စာရင်းပြုစု တင်ပြရန်၊ လုပ်ငန်းများအတွက် ဘဏ္ဍာငွေများထပ်မံလိုအပ်နိုင်သည်ဖြစ်သဖြင့် ကြိုတင်တွက် ဆကာ ပြင်ဆင်ထားရှိရန်နှင့် လိုအပ်ပါက ဝန်ကြီးဌာန၏ အရေးပေါ်ရန်ပုံငွေမှ အသုံးပြုရန်၊ နယ်စပ် ဝင်၊ ထွက်ပေါက် ကုန်းလမ်းမှ ဝင်ရောက်လာသူများကို ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်း ဆောင်ရွက်ရှိသော လုပ်ငန်းကိစ္စရပ်များကို ပိုမိုကောင်းမွန်စေရေး သုံးသပ် လုပ်ဆောင်ရန်၊ အဆိုပါကိစ္စရပ်များတွင် လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း (ethnic health organization) များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ကျန်းမာရေးဌာနများအနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဒေသများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း အသိပေး ရှင်းလင်းထားရန်၊ နယ်စပ်ဝင်၊ ထွက်ပေါက်များ တစ်လျှောက်ရှိနေသည့် မြို့များမှ ပြည်သူများ အဆိုပါ ကျန်းမာရေး အသိပညာဗဟုသုတများ ရရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်း (ethnic health organization) များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်၊ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကပ်ရောဂါဗေဒရှုထောင့်မှ ဆန်းစစ်သုံးသပ်ချက် (analysis)များ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အကြံပြုချက်များ၊ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ဝယ်ယူဖြန့်ဖြူးခြင်းဆိုင်ရာ ဆန်းစစ်သုံးသပ်ချက် (analysis) နှင့် အကြံပြုချက် များကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) နှင့် အခြေခံကျန်းမာရေး တက္ကသိုလ် (မကွေး) တို့ရှိ ပညာရှင်များက လုပ်ဆောင်ရန်၊ လူစုလူဝေးများပြားသည့် ပွဲလမ်းသဘင်များတွင် ပိုမိုကူးစက်ပျံ့ ပွားနိုင်သည်ဖြစ်၍ ပွဲလမ်းသဘင်များကို ယခုကာလအတွင်း လိုအပ်မှသာကျင်းပခြင်းနှင့် တတ်နိုင်သမျှ လျှော့ချခြင်း (social distancing) ဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုများကို ကာကွယ်လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ သိပ္ပံနည်းကျပြီး အထောက်အထားများကို အခြေခံ၍ ကျိုးကြောင်းဆီလျှော်သော ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ  တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ref : Ministry of Health and Sports, Myanmar