Skip to main content

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ၂၀၂၀” ၌ ပါဝင်ဆင်နွှဲသူတို့၏ အမြင်များ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းတို့ ဦးဆောင်ကျင်းပသော “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀”ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အဆိုပါပွဲတော် တတိယနေ့တွင် တိုင်းရင်းသားရိုးရာ ပြခန်းများ၊ ရိုးရာအဝတ်အထည်များနှင့် အစားအသောက် အရောင်းဆိုင်များ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲများ ပါဝင်ရာ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြပြီး ပွဲတော်အပေါ် ၎င်းတို့၏ အမြင်များ၊ ပီတိစကားသံများကို မြန်မာ့သတင်းစဉ်မှ ဖော်ပြလိုက်ပါသည် -

ဂျိမ်းယာကုပ်

ချင်းမျိုးနွယ်စု၊ မြို(ခေါ်) ခမီတိုင်းရင်းသား

ချင်းတိုင်းရင်းသားတို့ရဲ့ ရိုးရာအကတွေနဲ့ လာရောက်ဖျော်ဖြေတာပါ။ ကိုယ့်လူမျိုးရဲ့ ရိုးရာအကတွေကို ပြသခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီပွဲတော်ကနေ တိုင်းရင်းသား အချင်းချင်း ရင်းနှီးမှုတွေရပါတယ်။ တစ်ဦးနဲ့ တစ်ဦး လေးစားယုံကြည်မှုတွေ ပိုရှိလာပါတယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို ချပြခွင့်ရတဲ့အတွက် ထူးခြားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ မသိသေးတဲ့ တိုင်းရင်းသားတွေနဲ့ ရိုးရာ ယဉ်ကျေးမှုတွေကိုလည်း သိခွင့်ရလာပါတယ်။ တိုင်းရင်းသားတွေအားလုံး တစ်စုတစ်စည်းတည်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ တွေ့ရတာ အင်မတန်ကြည်နူးဖို့ ကောင်းပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ကိုပြသတဲ့ ပွဲတော်ကြီးလို့ မြင်မိပါတယ်။

ကိုနိုင်လင်းအောင်

ပင်းတယမြို့မှ ရှမ်း(ဓနု)တိုင်းရင်းသား

ကျွန်တော်တို့ ဓနုတိုင်းရင်းသားတွေကို မသိတဲ့သူတွေရှိပါတယ်။ ဒီပွဲတော်ကနေ ဓနုတိုင်းရင်းသား တွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့တွေကို အများပြည်သူသိရှိအောင် ပြသခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ တိုင်းရင်းသားတွေအားလုံးရဲ့ ယဉ်ကျေးမှု တွေကို ပြသခွင့်ရလို့ ဒီပွဲတော်ဟာ ထူးခြား ပါတယ်။ တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှု တွေ နှီးနှောဖလှယ်ခွင့်ရတဲ့အပြင် အချင်းချင်း ရင်းနှီးမှု၊ အပြန်အလှန် လေးစားနားလည်မှုတွေ ပိုရှိလာပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ လိုအပ်နေတဲ့ တိုင်းရင်းသားစည်းလုံးမှုနဲ့ ငြိမ်းချမ်းရေးအတွက် လမ်းစတွေ ဖြစ်ပါတယ်။

မိုးသဇင်

သာစည်မြို့နယ်မှ ပလောင်တိုင်းရင်းသူ

ဒီပွဲတော်ကြီးမှာ ပလောင်တိုင်းရင်းသူ တစ်ဦးအနေနဲ့ ကိုယ့်ရဲ့ရိုးရာအကတွေနဲ့ ပါဝင် ဖျော်ဖြေခွင့်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရတဲ့အတွက် ဗဟုသုတတွေ အများကြီးရပါတယ်။ ယဉ်ကျေးမှုတွေက လည်း တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုး ဆင်တူ တာတွေကိုလည်း တွေ့ရပါတယ်။ တိုင်းရင်း သားလူမျိုးစုတွေ အချင်းချင်းဆက်နွှယ်မှုတွေ ရှိနေတယ် ဆိုတာမျိုး တွေ့ရပါတယ်။ ဒီပွဲတော်ကြီးဟာ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေ ဖလှယ်တဲ့နေရာ ဖြစ်သလို တိုင်းရင်းသားအချင်းချင်း ချစ်ခင်မှုကို ပြခွင့်ရတဲ့ ပွဲတော်ကြီးလို့ မြင်မိပါတယ်။

ဒေါ်စန်းရီ

ထားဝယ်မြို့မှ ထားဝယ်တိုင်းရင်းသူ

ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို ပြသခွင့်ရတဲ့ ထူးခြားတဲ့ပွဲပါ။ ကျွန်မတို့ရဲ့ ထားဝယ် ရိုးရာအကသုံးမျိုးကို ဖျော်ဖြေကပြခွင့်ရ ပါတယ်။ ပရိသတ်တွေကလည်း အထူး အားပေးကြတဲ့အတွက် ထားဝယ်တိုင်းရင်းသူ တစ်ဦးအနေနဲ့ ဂုဏ်ယူပါတယ်။ ဒီပွဲတော်ကြီးကနေ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို သိခွင့်ရတာဟာ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။ အရောင်းပြခန်းတွေကလည်း တိုင်းရင်းသား ဒေသအလိုက် ထွက်ရှိတဲ့ အသီးအနှံနဲ့ ကုန်ပစ္စည်းတွေကို ရောင်းချပေးနေတဲ့အတွက် တိုင်းရင်းသား လူမျိုးစုတွေနဲ့ အတူ ဒေသထွက်ကုန်တွေကို ပူးတွဲပြီး သိရှိခွင့်ရပါတယ်။ တိုင်းရင်းသား အချင်းချင်း အပြန်အလှန် လေ့လာခွင့်ရတဲ့ ပွဲတော်ကြီးပါ။

မသိန်းသိန်းအေး၊ သင်္ဃန်းကျွန်းမြို့နယ်

ပြီးခဲ့တဲ့နှစ် ပွဲတော်တုန်းကလည်း ရောက်ဖြစ်ပါတယ်။ တိုင်းရင်းသားအစုံ လာတာကြောင့် ကိုယ်မသိသေးတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ ရိုးရာဓလေ့တွေကို သိခွင့်ရပါတယ်။ တစ်နေရာတည်းမှာ အားလုံးကို တွေ့မြင်နိုင်တဲ့အတွက် လူမျိုးစုတစ်စုနဲ့ တစ်စုတူညီမှုတွေ၊ ကွဲပြားမှုတွေကိုလည်း သိရမယ်။ အဲဒီကတစ်ဆင့် တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိလာမယ်။ ချစ်ကြည်ရင်းနှီးမှုတွေလည်း အများကြီး ရရှိလာနိုင်တာကြောင့် ဒီပွဲတော်ဟာ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုအတွက် အထောက်အကူဖြစ်စေမှာပါ။

ဦးလှမင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ

ကျောင်းဆရာ(ငြိမ်း)

မြေးနှစ်ယောက်ကို တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရရှိအောင် လိုက်ပို့တာပါ။ ကိုယ်မရောက်ဖူးသေးတဲ့ တိုင်းရင်းသားနယ်မြေဒေသတွေ တိုင်းရင်း သားတွေကို နီးနီးကပ်ကပ် မြင်တွေ့ရပါတယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့နဲ့ ဒေသ ထွက် အစားအသောက်တွေကိုလည်း တွေ့မြင် ရတဲ့အတွက် ဗဟုသုတတွေ အများကြီးရ ပါတယ်။ တိုင်းရင်းသားတွေကလည်း ဖော်ဖော် ရွေရွေရှိတဲ့အတွက် ညီနောင်တိုင်းရင်းသား တွေနဲ့ ချစ်ချစ်ခင်ခင် ဆုံတွေ့ခွင့်ရတယ်လို့ ယူဆပါတယ်။ ဒီလိုပွဲတွေရှိခြင်းဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း တစ်ဦးနဲ့တစ်ဦး တွေ့ဆုံခင်မင် ရင်းနှီးခွင့်ရသလို တစ်ဦးရဲ့သဘောထားကို တစ်ဦးက သိခွင့်ရမယ်။ အဲဒီစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသား အားလုံး လိုလားနေတဲ့ စည်းလုံးညီညွတ်မှု ရလဒ်တွေကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။

ယေ့တိုင်ဆိန်း

“ဝ” တိုင်းရင်းသူ

“၀” ရိုးရာယဉ်ကျေးမှု အကနဲ့ ဖျော်ဖြေ ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ကိုယ့်ရဲ့ ယဉ်ကျေးမှုတွေကို ချပြခွင့်ရတဲ့အတွက် အချင်းချင်း ပိုပြီးရင်းနှီးသွားပါတယ်။ တိုင်းရင်းသားအများစုမှာ တူညီတဲ့ ယဉ်ကျေး မှုတွေရှိသလို ကွဲပြားမှုတွေလည်း ရှိနေတာမျိုး တွေ့ရပါတယ်။ တစ်ဦးရဲ့ယဉ်ကျေးမှုကို တစ်ဦး သိရှိခွင့်ရပြီး အပြန်အလှန်လေးစားမှုတွေ ရှိလာပါတယ်။ တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှုတွေကို ပြသဖလှယ်မှုတွေက တစ်ဆင့် ယုံကြည်မှုတွေကို ဖြစ်ပေါ်လာစေတဲ့ ထူးခြားတဲ့ပွဲပါ။

မခိုင်သဉ္ဇာအေး

သင်္ဃန်းကျွန်းမြို့နယ်

တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု နဲ့ အသုံးအဆောင်ပစ္စည်းတွေကို လေ့လာ ခွင့်ရပါတယ်။ တိုင်းရင်းသားတွေအားလုံး ကို တစ်စုတစ်စည်းတည်း တွေ့ရတဲ့ အတွက် ကြည်နူးမိပါတယ်။ တိုင်းရင်းသား အချင်းချင်း အတူယှဉ်တွဲနေထိုင်မှုကို တွေ့မြင် ရပါတယ်။ ဒီမြင်ကွင်းဟာ ကျွန်မတို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးရဲ့ ပြယုဂ်တွေလိုပါပဲ။

တွေ့ဆုံမေးမြန်း - ဇော်ကြီး၊ ဓာတ်ပုံ - ဖေဇော်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၅)