Skip to main content

ပြစ်မှုကြိုတင်ကာကွယ်ခြင်း

ကြိုတင်ကာကွယ်ခြင်း

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ကောင်းသည်ဟု ဆိုရိုးစကားရှိပါသည်။ ပြစ်မှုများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်ခြင်း လိုအပ်ပါသည်။ ငြိမ်ဝပ်အေးချမ်းစွာ နေထိုင်ရန်နှင့် ကောင်းစွာကျင့်ကြံ အသက်မွေးဝမ်းကျောင်းပြုရန် ပြည်သူပြည်သားတိုင်း၊ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။ ထိုတာဝန်ကျေပွန်ရန် တရားဥပဒေက ကာကွယ်စောင့်ရှောက်ပါသည်။

ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၀၆ (၁)

ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၀၆(၁) အရ ငြိမ်းချမ်း သာယာရေးအတွက် တရားခံတစ်ဦးအား ပြစ်မှု ထင်ရှားစီရင်သောအခါ ခံဝန်ချုပ်ချုပ်စေခြင်း ပြုနိုင်ပါသည်။ တရားသူကြီး၏ လုပ်ပိုင်ခွင့် ဖြစ်ပါသည်။ တရားသူကြီးသည် ရာဇဝတ်ကျင့်ထုံး ဤအခန်းပါ ပြဋ္ဌာန်းချက်များအရ ပြစ်မှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရာ၌ ကျင့်သုံး ဆောင်ရွက်ရာတွင် ခွဲခြားဆက်ဆံမှုမရှိရေး၊ သတိထား စောင့်ကြပ်ရေးနှင့် ရာဇဝတ်ဥပဒေ များဖြင့် ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်ချုပ်ချယ်ပြီး အုပ်ချုပ်မှု မပြုရေးကိုလည်း ရည်ရွယ်ပါသည်။

အာမခံတောင်းခြင်း

ပြစ်မှုထင်ရှားစီရင်သောအခါ ငြိမ်ဝပ်စွာ နေထိုင်ရန် အာမခံတောင်းခြင်းပြုနိုင်ပါသည်။ သုံးနှစ်ထက်မပိုသော ကာလဖြင့် ခံဝန်သူများ နှင့်ဖြစ်စေ ခံဝန်မဲ့ဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်သည့် အချိန်၌ ခံဝန်ချုပ်စေရန် အမိန့်ချမှတ်နိုင်ပါသည်။

ငြိမ်းချမ်းသာယာရေး

ငြိမ်းချမ်းသာယာရေးအတွက် ငြိမ်ဝပ်ရေး ဖျက်မည့်သူကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၀၇ (၁) အရ ခံဝန်ချုပ်စေနိုင်ပါသည်။

တစ်ဦးတစ်ယောက်သည် ငြိမ်ဝပ်ရေး ပျက်ပြားစေမှုကို ကျူးလွန်တန်ရာသော်လည်း ကောင်း၊ နိုင်ငံငြိမ်ဝပ်ရေးကို နှောင့်ယှက်တန်ရာ သည်ဟုသော်လည်းကောင်း၊ ငြိမ်ဝပ်ရေးပျက်ပြား စေသည့် (သို့မဟုတ်) နိုင်ငံ့ငြိမ်ဝပ်ရေးကို နှောင့်ယှက်မည့် မတရားမှုကို ပြုတန်ရာသည်ဟု သတင်းရသောအခါ သက်ဆိုင်ရာ တာဝန်ရှိတရား သူကြီးသည် တစ်နှစ်ထက် မပိုသောကာလဖြင့် ခံဝန်သူများနှင့်ဖြစ်စေ၊ ခံဝန်မဲ့ဖြစ်စေ ခံဝန်ချုပ် ချုပ်ဆိုစေရန် အမိန့်မချမှတ်ထိုက်ကြောင်း အကြောင်းပြ ထုချေခိုင်းနိုင်သည်။

အကြည်ညိုပျက်အောင် လှုံ့ဆော်သူ

အစိုးရကို အကြည်ညိုပျက်အောင် လှုံ့ဆော် သူအား ကိုယ်ကျင့်တရားကောင်းမွန်စွာ ကျင့်ကြံ နေထိုင်စေရန် ခံဝန်ချုပ်ဆိုခြင်းကို ရာဇဝတ် ကျင့်ထုံးပုဒ်မ ၁၀၈ အရ ဆောင်ရွက်နိုင်ပါသည်။

တာဝန်ရှိတရားသူကြီးသည် အာဏာပိုင်နက် အတွင်းဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ပြစ်မှု (သတ်မှတ်ထားသော ပြစ်မှု) ပြုလုပ်မှုများကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ တမင်သက်သက် ပျံ့နှံ့အောင်ပြုသူ၊ အားထုတ်သူ၊ အားပေးသူသည် မိမိစီရင်ပိုင် ခွင့်နယ်အတွင်း ရှိနေသည်ဟု သတင်းရသောအခါ တစ်နှစ်ထက်မပိုသောကာလဖြင့် ခံဝန်ချုပ် ချုပ်စေရန် အမိန့်မချမှတ်ထိုက်ကြောင်း အကြောင်းပြ ထုချေခိုင်းနိုင်သည်။

မောင်ပျင်းရိ၏ မေးခွန်း

“တရားသူကြီးတွေမှာ ဒီလိုလုပ်ပိုင်ခွင့်ရှိတယ် ဆိုတာ ဆရာကြီးရေးမှ၊ ပြောမှ သိတော့တယ်။ လက်တွေ့လုပ်တာ ကျွန်တော်မကြားဖူးဘူး။ ရှိတော့ရှိမှာပါ။ တခြားသိကောင်းစရာ၊ မသင်္ကာဖွယ် ရှိသူတွေအကြောင်းပါ တစ်ဆက်တည်း ရေးပြပါဦးဆရာကြီး” ဟု မေးခွန်းလည်းမေး၊ ဗဟုသုတလည်း ရယူလိုသော မောင်ပျင်းရိ၏ မေးခွန်းကို ဆက်လက်ရေးသား တင်ပြပါမည်။

အလုပ်အကိုင် အတည်တကျမရှိသူ

အလုပ်အကိုင် အတည်တကျ မရှိသူနှင့် မသင်္ကာဖွယ်ရှိသူများအား ကောင်းစွာ အသက် မွေးရန် အာမခံတောင်းခြင်းအတွက် ရာဇဝတ် ကျင့်ထုံးပုဒ်မ ၁၀၉ တွင် ပြဋ္ဌာန်းထားပါသည်။

တစ်ဦးတစ်ယောက်သည် တရားသူကြီး၏ စီရင်ပိုင်ခွင့်နယ်နိမိတ်အတွင်း ပြစ်မှုကျူးလွန်ရန် ကြံရွယ်၍ လျှို့ဝှက်ဖုံးကွယ်လျက်ရှိသည်ဟု (သို့မဟုတ်) အသက်မွေးဝမ်းကျောင်းထင်ရှား မရှိသူ(သို့မဟုတ်) ကိုယ့်အကြောင်းကို ကျေနပ်အောင် မပြောနိုင်သူရှိနေသည်ဟု သတင်းရသောအခါ တစ်နှစ်ထက် မပိုသော ကာလအပိုင်းအခြား အတွင်း ခံဝန်ချုပ်ဆိုစေရန် အမိန့်မထုတ်သင့်ကြောင်း ထုချေခိုင်းနိုင်ပါသည်။

ပြစ်မှုကျူးလွန်တတ်လေ့ရှိသူ

ပြစ်မှုကျူးလွန်တတ်လေ့ ရှိသူများထံမှ ကောင်းစွာ အသက်မွေးရန် အာမခံတောင်းခြင်း အကြောင်းကို ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၁၀ တွင် ပြဋ္ဌာန်းထားပါသည်။ (၁၀၉/၁၁၀ ဟု လူပြော များသော ရာဇဝတ်ကျင့်ထုံးပုဒ်မများဖြစ်ပါသည်)။

တရားသူကြီးသည် မိမိစီရင်ပိုင်ခွင့်နယ်မြေ အတွင်း၌ လူသတ်မှု၊ အိမ်ဖောက်တတ်သူ၊ ခိုးတတ် သူ၊ အတုလုပ်တတ်သူ၊ ခိုးရာပါပစ္စည်းလက်ခံလေ့ ရှိသူ၊ လူခိုးမှု၊ လူကိုသွေးဆောင်မှု၊ ခြောက်လှန့် တောင်းယူမှု၊ လိမ်လည်မှု၊ အကျိုးဖျက်ဆီးမှု၊ ပြစ်မှုကျူးလွန်လေ့၊ အားထုတ်လေ့၊ အားပေးကူညီ လေ့ရှိသူ၊ (သို့မဟုတ်) ငြိမ်းချမ်းသာယာရေး ပျက်ပြားစေသော ပြစ်မှုများကို ကျူးလွန်လေ့၊ အားထုတ်လေ့၊ အားပေးလေ့ရှိသူ (သို့မဟုတ်) ထိုသူအား လွှတ်ထားပါက ပြည်သူတို့အတွက် ဘေးရှိသူ၊ ရှိနေသည်ဟု သတင်းရလျှင် သုံးနှစ် ထက်မပိုသော ကာလဖြင့် ခံဝန်ချုပ်စေရန်၊ ထုချေစေရန် အမိန့်ချမှတ် နိုင်ပါသည်။

ဦးသန်းစီရင်ထုံး

ယခုတင်ပြသော ပုဒ်မများ၊ အမှုများနှင့် စပ်လျဉ်း၍ တရားရေးလောကတွင် ထင်ရှားသော စီရင်ထုံးတစ်ခုရှိသည်။ ဦးသန်းစီရင်ထုံးပင် ဖြစ်သည်။

လျှောက်ထားသူဦးသန်းက ဗဟန်းမြို့နယ် တရားရုံးတွင် ရာဇဝတ်ကျင့်ထုံး ၁၀၇ အရ ဆောင်ရွက်မှုအပေါ် လျှောက်ထားမှုဖြစ်သည်။

ရာဇဝတ်ကျင့်ထုံး ၁၀၇

ကျင့်ထုံးပုဒ်မ ၁၀၇ မှာ အများပြည်သူတို့ ငြိမ်သက်အေးချမ်းစွာ နေထိုင်ခြင်းကို ဖျက်ဆီးရန် ပြုလုပ်မည်ဟု ယူဆသူအပေါ် ယင်းသို့ မပြုလုပ်နိုင်ရန်အတွက် ကာလအပိုင်းအခြားသတ်မှတ်၍ လုံလောက်သော အာမခံပြုလုပ်စေခြင်းပင် ဖြစ်သည်။ ဦးသန်းသည် ရပ်ကွက်လူငယ်များကို ဆူပူစေရန်နှင့် ငြိမ်ဝပ်ပိပြားရေး ထိခိုက်စေရန် ဥပဒေနှင့် ဆန့်ကျင်သော အပြုအမူများ ပြုလုပ် လိမ့်မည်ဟု ရဲစခန်းက စွပ်စွဲခဲ့ခြင်းဖြစ်သည်။ ၁၉၇၄ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဗဟန်းရဲစခန်းက စုံစမ်းတင်ပြခဲ့မှုလည်း ဖြစ်သည်။

လူတစ်ဦးတစ်ယောက်အပေါ် ပြစ်မှုအရ အရေးယူလျှင် လွတ်လပ်သော သက်သေ ထွက်ချက်များ ရှိရမည်။ ယခုအမှုတွင် ရဲတပ်ဖွဲ့၏ ထွက်ချက်မှလွဲ၍ အခြားသက်သေခံအထောက် အထားမရှိချေ။ စွပ်စွဲခံရသူတစ်ဦးအား မည်သည့် ကိစ္စ၊ မည်ကဲ့သို့ အရေးယူမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိစေမှသာလျှင် ထိုသူအနေဖြင့် လည်း ပြည့်ပြည့်ဝဝ ခုခံထုချေနိုင်ပေလိမ့်မည်။

ယခုလက်ရှိအခြေအနေ ပေါ်ပေါက်ချက်များအရ ဦးသန်းအပေါ် အရေးယူရန် (မသင့်)ဟု ဆုံးဖြတ်ခဲ့သည်။

စေတနာ

ရာဇဝတ်ကျင့်ထုံးပါ ပြစ်မှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းအကြောင်း လေ့လာဖတ်ရှုမိပြီး အလုပ်သင် ရှေ့နေမောင်ပျင်းရိ၏ မေးခွန်းကို ဖြေဆိုမိသော ကျွန်တော်၏ စေတနာဥပဒေအတွေး မျှသာပါ...။ ။

ဦးဟန်ညွန့် (ဥပဒေ)

(၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီ ၅)