Skip to main content

နိုင်ငံတော်နှင့်ပြည်သူအပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်

အများပြည်သူအကျိုးစီးပွားဆိုသည်မှာ နေ့စဉ်လူမှုဘဝ လိုအပ်ချက်များ အားလုံးဖြစ်ပါသည်။ အသေးအမွှားမှအစ ကြီးကြီးမားမား ကိစ္စများအထိ ပါဝင်ပါသည်။ လူမှု ဘဝလောကတွင် အရာရာသည် အများပြည်သူအကျိုးစီးပွားနှင့် ကင်းမည်မဟုတ်ပေ။ ထို့ကြောင့် ဒီမိုကရေစီခေတ်ကာလတွင် အများပြည်သူအကျိုးစီးပွားအတွက် အလေးထား ဆောင်ရွက်ပေးကြရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် မလွှဲမရှောင်သာသော အခြေအနေကြောင့် နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲဖြစ်ပေါ်ခဲ့သည်။ စစ်မှန်သော ဒီမိုကရေစီ အခင်းအကျင်းကို ပြန်လည်တည့်မတ်တည်ဆောက်ရန် အတွက် အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုအပြောင်းအလဲသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းမဟုတ်ပေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဒီမိုကရေစီစနစ်ကို ပြန်လည်တည်ဆောက်ရန် ဥပဒေနှင့်အညီ စနစ်တကျ အကောင် အထည်ဖော်နေခြင်းဖြစ်သည်။

ယင်းကိုလက်မခံသည့် နိုင်ငံရေးအာဏာလက်လွှတ်လိုက်ရသူ နိုင်ငံရေးအစွန်း ရောက်သူများက အစိုးရယန္တရားမလည်ပတ်စေရန်အတွက် ပြည်သူ့အကျိုး ထမ်းရွက်ကြသူ၊ ပြည်သူကို ဝန်ဆောင်မှု ပေးနေကြသည့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုကို စတင်လုပ်ဆောင်ကြရန် သွေးထိုး လှုံ့ဆော်ပေးခဲ့သည်။ ၂၁ ရာစုတွင် နိုင်ငံ့တာဝန်ကို တပ်မတော်က ရယူခြင်းသည် ပြည်တွင်း/ပြည်ပက လက်မခံသည့် မအောင်မြင်သာ လုပ်ဆောင်မှုဖြစ်သည်ဟု ပြည်သူများအား လှည့်ခြားစည်းရုံး သွေးဆောင်ခဲ့ရာ နိုင်ငံ့ဝန်ထမ်းအချို့က နားယောင်၍ဖြစ်စေ၊ စည်းရုံးခံရ၍ဖြစ်စေ၊ ယုံကြည်၍ဖြစ်စေ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

ပြည်သူ့အကျိုးစီးပွား၊ နိုင်ငံ့အကျိုးစီးပွားတို့ကို ဖော်ဆောင်ကြရသောအဖွဲ့ အစည်းများအနက် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍသည် အရေးကြီးသော အဖွဲ့အစည်းများဖြစ်သည်။ ကျန်းမာရေး ကဏ္ဍသည် ပြည်သူများ အသက်ရှင်သန် ကျန်းမာစွာနေထိုင်နိုင်ရေးအတွက် လတ်တလော အကျိုးစီးပွားကို ဖော်ဆောင် ကြရသည်။ ပညာရေးကဏ္ဍသည် လူငယ်လူရွယ်များ၏ အနာဂတ်နှင့် တိုင်းပြည်၏ အနာဂတ်အကျိုးစီးပွားအတွက် ပြုစုပျိုးထောင်ပေးကြရသည်။ ထိုကဏ္ဍနှစ်ခုစလုံးသည် ပြည်သူများ ယုံကြည်ကိုးစား အားထားကြရသည့် အလွန်မွန်မြတ်သော လုပ်ငန်းများဖြစ်ကြသည်။ ထိုလုပ်ငန်းများကို သယ်ပိုးထမ်းဆောင်ကြရသည် မှာလည်း ဂုဏ်ယူစရာဖြစ်သည်။

သို့သော် ဖေဖော်ဝါရီလမှစတင်၍ နိုင်ငံ့ဝန်ထမ်းအချို့သည် CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး နိုင်ငံတော်၏ အကျိုးစီးပွား၊ ပြည်သူတို့၏ အကျိုးစီးပွားကို ပစ်ပယ် ခဲ့ကြပေသည်။ CDM လှုပ်ရှားမှုတွင်ပါဝင်ကာ နိုင်ငံ့အကျိုးစီးပွား၊ ပြည်သူ့အကျိုး စီးပွားကို ပစ်ပယ်ခဲ့ကြခြင်းဖြင့် တည်ဆဲအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ထိခိုက်ခြင်း မရှိပေ။ ထိခိုက်သည်မှာ ပြည်သူများသာဖြစ်ပေသည်။ ပြီးခဲ့သည့် သုံးလတာ ကာလအတွင်း ပြည်သူ့ကျန်းမာရေးကဏ္ဍကြီး ထိခိုက်နစ်နာမှုဖြစ်ပြီး နိုင်ငံတစ်ဝန်းမှ ဆေးကုသမှု ခံယူလိုသော ပြည်သူများ များစွာဒုက္ခအခက်အခဲဖြစ်ကြသည်။ အသက် ခန္ဓာများ မစွန့်လွှတ်သင့်ဘဲ စွန့်လွှတ်ဆုံးရှုံးခဲ့သည်။ ဆူပူဆန္ဒပြ အကြမ်းဖက်လှုပ်ရှားမှုကာလအတွင်း အသက်သေဆုံးရသည့် အရေအတွက်ထက် အဆထက် အဆပေါင်းများပြားသည်ကို လေ့လာကြည့်လျှင် သိနိုင်မည်ဖြစ်သည်။ မကျေနပ်ချက် တစ်ခုတည်းဖြင့် အပြစ်မဲ့ပြည်သူများ အသက်ခန္ဓာများဆုံးရှုံးရ၍ စိတ်မကောင်း ဖြစ်မိသည်။

ယခုတစ်ဖန် နိုင်ငံတော်၏အနာဂတ်နှင့် ကလေးသူငယ်လူငယ်များ၏ အနာဂတ်အကျိုးစီးပွားအတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်များ၏အနာဂတ်နှင့် တိုင်းပြည်၏ အနာဂတ်ထိခိုက်စေရန် ကျောင်းမတက်ရေး၊ စာမသင်ရေး ကြိုးပမ်းအားထုတ်လာသည်ကို တွေ့ရပြန်သည်။ ပညာသင်ကြားခြင်း၊ ဆေးကုသခြင်းသည် ပြည်သူများ၏ အကျိုးစီးပွားသာဖြစ်ပြီး ပြည်သူတို့၏ အကျိုးစီးပွားကို ပျက်စီးအောင်ပြုလုပ်ခြင်းသည် ပြည်သူ့အကျိုးကို ရှေးရှုသော ဒီမိုကရေစီစနစ်နှင့် သွေဖည်နေပေသည်။ အများပြည်သူအကျိုးစီးပွား ကို မျက်ကွယ်ပြုရာလည်း ရောက်ပေသည်။ မွန်မြတ်သောအလုပ်ကို ရှောင်ဖယ်ပြီး ညစ်နွမ်းသောအလုပ်ကို လုပ်ဆောင်ခြင်းလည်း ဖြစ်ပေသည်။ - CDM လှုပ်ရှားသည့် နိုင်ငံ့ဝန်ထမ်းများသည် ရာခိုင်နှုန်းအားဖြင့် အတိုင်းအတာ တစ်ခုမျှသာ ရှိသည်။ စည်းရုံးခံရမှု၊ ခြိမ်းခြောက်ခံရမှု၊ ဝါဒမှိုင်းမိမှု၊ အထင်အမြင် လွဲမှားမှု၊ စိတ်ခံစားချက်လွယ်မှု၊ ပုဂ္ဂိုလ်ရေးဆည်းကပ်မှု၊ ချော်လဲရောထိုင်မှု စသည့် အကြောင်း တစ်မျိုးမျိုးကြောင့်ဖြစ်ရာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မိမိတို့၏ဘဝ၊ မိမိတို့၏အနာဂတ်၊ ပြည်သူများ၏ဘဝ၊ ပြည်သူများ၏အနာဂတ် ရောက်နေပေသည်။

သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းအချို့သည် နိုင်ငံရေး၌ မပါဝင်သင့်ဘဲ ပါဝင်ခဲ့ကြသည်။ CDM၌ ပါဝင်သဖြင့် ဆုံးရှုံးမှုများဖြစ်ကြသည်။ နိုင်ငံ့ဝန်ထမ်းအချို့ ဆုံးရှုံးရမှုအတွက် များစွာစိတ်မကောင်းဖြစ်ရသလို နိုင်ငံတော်နှင့် ပြည်သူအပေါ်သစ္စာရှိစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းကောင်းများကိုလည်း လေးစား ဂုဏ်ယူမိပါကြောင်း။ ။