ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့် သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနုပညာရှင် ၂၄ ဦးတို့ကို ယမန်နေ့က အမှုရုပ်သိမ်းပေးလိုက်ရာ ၎င်းတို့၏ ပရိသတ်များ ဝမ်းမြောက် ဝမ်းသာ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြသည်။ ၎င်းအနုပညာရှင်များသည် CDM လှုပ်ရှားမှုများ၊ ဆူပူဆန္ဒပြမှုများ၊ လူမှုကွန်ရက်မှတစ်ဆင့် ရေးသားမှုများပြုလုပ်ခဲ့ကြသော်လည်း ပြင်ပ ပယောဂတစ်စုံ တစ်ရာကြောင့် အဆိုပါလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ရသည်ဟု ယူဆရသဖြင့် အမှုဖွင့်တရားစွဲဆို ထားခြင်းမှ ရုပ်သိမ်းပေးလိုက်ခြင်းဖြစ်သည်။
သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်များမှာ လူသိထင်ရှား ကျော်ကြားသူများ ဖြစ်ကြသည့်အလျောက် ဆူပူဆန္ဒပြလှုပ်ရှားမှုများတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်လာကြခြင်းအားဖြင့် အကျိုးသက်ရောက်မှု ကြီးမားသည်ဖြစ်ရာ မပါပါအောင် တွန်းအားပေးမှု၊ ဆွဲဆောင်မှု၊ ဘေးကျပ်နံကျပ်ဖြစ်အောင် ဖိအားပေးမှုများကို လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်ခဲ့ကြရသည်။ မည်သူမပါသေး။ မည်သူက အပေါ်ယံဟန်ပြ လုပ်နေသည်။ မည်သူတို့ကို ဝိုင်းကြဉ်လိုက်ကြပါ။ မည်သူတို့ကို အနုပညာ အသိုင်းအဝိုင်းမှ ထုတ်ပစ်လိုက်ကြပါ စသည်ဖြင့် လှုံ့ဆော် ဘေးတီးမှုများက အနုပညာရှင်များကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နှင့် ငြိစွန်းသည့်အခြေအနေများဆီသို့ ဆိုက်ရောက်သွားစေသည့် ပြင်ပ ပယောဂများပင်ဖြစ်သည်။
သဘင်၊ ဂီတ၊ ရုပ်ရှင်စသည့်အနုပညာများသည် အများပြည်သူအပေါ် လွှမ်းမိုးနိုင်သည့် နူးညံ့ပျော့ပျောင်းသည့် တန်ခိုးဩဇာရှိသော မီဒီယာများပင်ဖြစ်သည်။ ၎င်းတို့၏ အနုပညာအစွမ်းဖြင့် ပြည်သူကို လှုံ့ဆော်နိုင်သလို ကားလည်းတားဆီးနိုင်သည်။ အသိပညာလည်း ဖြန့်ဝေနိုင်သည်။ စည်းရုံးသိမ်းသွင်းနိုင်သည်။ သို့ဖြစ်ရာ ပြည်သူ ချစ်သည့်၊ ပရိသတ်များပြားအားကောင်းသည့် အနုပညာရှင်များကို နိုင်ငံရေးပါတီများက ချဉ်းကပ်ဆွဲဆောင်အသုံးချမှုများကို အခြား ဒီမိုကရေစီ နိုင်ငံများတွင်လည်း တွေ့ရသည်။ အနုပညာရှင်များကို နိုင်ငံရေးပါတီများက အသုံးချသည်ဟုဆိုရာတွင် ရွေးကောက်ပွဲ အကြိုကာလ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်မျှသာ ရည်ရွယ်ခြင်းက များစွာမထောင်းတာ လှသော်လည်း နိုင်ငံတော်ဆန့်ကျင်ရေး၊ အစိုးရကို အကြည်ညိုပျက်စေရေး၊ ပုန်ကန်ရေးကဲ့သို့သော အခြေအနေနီးသို့ ရောက်ရှိသွားလျှင်မူ ပြစ်မှုအလိုက် တရားဥပဒေဖြင့် အရေးယူအပြစ်ပေးခံရသည့်ဘဝသို့ ကျရောက်သွားတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်ကာ ဖက်ဒရယ် ပြည်ထောင်စုဆီသို့ ဦးတည်ချီတက်နေဆဲဖြစ်သည့် ဒီမိုကရေစီ သက်တမ်းနုနယ်သေးသည့် နိုင်ငံဖြစ်သည်။ မျက်မှောက်ကာလ နိုင်ငံ ၏ လိုအပ်ချက်များဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ မြန်မာ့လူ့ဘောင်တွင် ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားရေး၊ ရွေးကောက်ပွဲများမှတစ်ဆင့် လစ်ဘရယ် အာဏာရှင်များ ပေါ်ပေါက် မလာရေး၊ ပါတီစွဲပုဂ္ဂိုလ်စွဲဝါဒများထွန်းကား မလာရေး၊ နိုင်ငံအတွင်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော လောကပါလတရားများ ထွန်းကားရေးစသည်တို့ကို အနုပညာ စွမ်းပကားဖြင့် ဖန်တီးဖော်ဆောင်ခြင်းကသာ အနုပညာရှင်တို့၏ ခေတ်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာ ရောက်မည်ဖြစ်သည်။
ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းကာ အကြမ်းဖက်ပစ်ခတ်၊ ဖောက်ခွဲ၊ သတ်ဖြတ်မှုများနှင့် မြို့ပေါ်မှာရော ကောတွင်းမှ ပေါ်ထွက်လာသည့် သတင်းများအရပါ နွေဦးတော်လှန် ရေးဟူသည့် ကဗျာဆန်ဆန် ခေါင်းစဉ်အောက်တွင် အကြမ်းဖက်ဝါဒသည် အရာရာကို ဖျက်ဆီးနေပြီဖြစ်သည်။ အနုပညာရှင်တို့၏ နှလုံးသားနှင့် အနုပညာစွမ်းပကားတို့သည် မိမိတို့၏ လူ့ဘောင်သာယာ လှပရေး တည်ဆောက်ရန်သာ ဖြစ်သင့်ကြောင်းနှင့် အကြမ်းဖက် ဂါဒ၏ အစတေးခံတို့ မဖြစ်သင့်ပါကြောင်း။ ။