နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက် သွားရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း များအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားရန်ဟူသော လုပ်ငန်းစဉ် (၂) ရပ် ပါရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ပြီး ကပ်ရောဂါကို နိုင်နိုင်နင်းနင်း ထိန်းချုပ် လာနိုင်ပြီဖြစ်သည့် အခြေအနေ ရောက်ရှိလာသည်နှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ် လာနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေး လုပ်ငန်းများကို အများပြည်သူ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ကာ ရရှိလာသည့်အောင်မြင်မှုအရှိန်အဟုန်ကို ဆက်လက် မြှင့်တင်သွားကြရမည် ဖြစ်သည်။
"ရောဂါကူးစက်ဖြစ်ပွားမှုအနေဖြင့် ဇူလိုင် ၁၄ ရက်တွင် ၃၃ ဒသမ ၁၇ ရာခိုင်နှုန်း၊ ဇူလိုင်၂၃ ရက်တွင် ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း အထိ ရှိခဲ့ရာမှာ ဩဂုတ် ၁၅ ရက်တွင် ကူးစက်ဖြစ်ပွားသူ ၂၆ ဒသမ ၄၆ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ၏ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူလူထုမှ ပူးပေါင်းပါဝင်မှုတို့ကြောင့် ဖြစ်ပွားမှု ရာခိုင်နှုန်း၏ ၁၄ ရာခိုင်နှုန်းကျော်အထိ လျှော့ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကူးစက်ဖြစ်ပွားမှုနှုန်း ပိုမိုကျဆင်း လာစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးအမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ရာ တစ်ယောက်တစ်လက်၊ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ရလဒ်ကောင်း ပေါ်ထွက်လာခြင်းပင်ဖြစ်ပြီး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် ကြရမှာလည်း ဖြစ်သည်။
ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းကို နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဦးစားပေးသတ်မှတ်ချက်များဖြင့် ထိုးနှံပေးလျက် ရှိသလို ကာကွယ်ဆေးများ အဆက်မပြတ် ရောက်ရှိလာစေရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားခြင်းအားဖြင့် ယခုနှစ်ကုန်တွင် မျှော်မှန်းထားသည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံ လွှမ်းခြုံထားနိုင်မည်ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က “အဓိက ကတော့ ကာကွယ်ဆေးကို မှန်မှန်နဲ့မြန်မြန် ထိုးပေးနိုင်ဖို့လည်း လိုကယ်၊ အဲဒီတော့ ကျွန်တော်တို့ ဒီနှစ်အကုန်မှာ တိုင်းပြည် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း မျှော်မှန်းထားတယ်ဆိုတော့ တစ်လကို ငါးသန်းထိုးနိုင်ဖို့ လိုတယ်” ဟူ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်း အဝေး၌ ပြောကြားခဲ့ရာ လစဉ်ရည်မှန်းချက်အတိုင်း ပြည့်မီအောင် ထိုးနှံသွားနိုင်သည်နှင့်အမျှ နှစ်ကုန်တွင် မျှော်မှန်းချက်ပြည့်မြောက် သွားနိုင်မည်ဖြစ်သည်။
ပြည်သူတစ်ဦးချင်းအနေဖြင့်မူ ကာကွယ်ဆေး ထိုးနှံမှုကို မပျက်မကွက်ခံယူကြရန် လိုအပ်သလို ကာကွယ်ဆေးထိုးပြီးသည် ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး စည်းမျဉ်းစည်းကမ်းများဖြစ်သည့် လူစုလူဝေးကို ရှောင်ရှားခြင်း၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်၊ နှာခေါင်းစည်းကို မပျက်မကွက် တပ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေအကွာ နေထိုင်ခြင်း တို့ကိုလည်း လိုက်နာကျင့်သုံးကြခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုများ ထိန်းချုပ်ဖြတ်တောက်နိုင်ရေးတွင် ကိုယ်စီပါဝင်နိုင်ကြပါစေကြောင်း။ ။