Skip to main content

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လိုအပ်ချက်

မိမိတို့နိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည့် နိုင်ငံ ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးခဲ့သည်။ လွတ်လပ်ရေးအရယူရန်အတွက် နယ်ချဲ့အစိုးရလက်အောက်တွင် အလျင်အမြန်ရေးဆွဲခဲ့ရသည့် အခြေခံဥပဒေတွင် အားနည်းချက်များ ပါရှိခဲ့သလို ပါလီမန်ဒီမိုကရေစီစနစ်သည်လည်း အကွဲအပြဲများစွာဖြင့် ဇာတ်သိမ်းခဲ့ရသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာမူ တစ်ပါတီပုံစံ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကို တည်ထောင်ခြင်း ဖြစ်သော်လည်း ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ အပြောင်းအလဲများတွင် မအောင်မြင်ပြန် သည့်အခါ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို မြန်မာပြည်သူတို့ လိုလားလာကြသည်။

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူများ၏ လိုအင်ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်တို့ကို မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေစွာ ထူထောင်နိုင်ရန်အတွက် အခက်အခဲ အနှောင့်အယှက်များကြားမှ မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် ကြိုးပမ်းပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ နိုင်ငံတော်၏အခြေခံမူ (၆) ရပ်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးသည် အခြေခံမူ တစ်ရပ်အဖြစ် ပါဝင်သည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် လည်းကောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး နိုင်ငံကိုလည်း ဒီမိုကရေစီခေတ် အစိုးရနှစ်ဆက် စီမံအုပ်ချုပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်မူ ရှေ့တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှစ်ရပ်နှင့် ခြားနားစွာ ရွေးကောက်ပွဲအကြို ကာလ၌ပင် ပွဲဆူခဲ့သည်။ ကန့်ကွက်မှုများ၊ တောင်းဆိုမှုများအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာ များ ကြီးကြီးသေးသေးအားလုံးကို အာဏာရအစိုးရသည်လည်းကောင်း၊ အစိုးရက လွှမ်းမိုးထားသည့် မဏ္ဍိုင်ကြီးသုံးရပ်သည်လည်းကောင်း၊ ထိုစဉ်က ရွေးကောက်ပွဲ ကော်မရှင်သည်လည်းကောင်း လျစ်လျူရှုခဲ့သည်။ ရှင်းစရာမလိုဟု သဘောထားထားခဲ့သည်။ စုပေါင်းတွေ့ဆုံ ဆွေးနွေးအဖြေရှာရေးကို မျက်နှာလွှဲ၍ ဒီမိုကရေစီ ယဉ်ကျေးမှုကိုပါ ချောင်ထိုးခဲ့သည်။ နိုင်ငံတော်၏အခြေခံမူဖြစ်သည့် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးကို မျက်ကွယ်ပြုကာ စည်းကမ်း ဖောက်ခဲ့သည်။ ပြဿနာများရှိနေသည်ကို မဖြေရှင်းဘဲ အာဏာရယူရန်၊ လွှတ်တော်ကို ဇွတ်ခေါ်ခြင်းက နိုင်ငံ့အာဏာကို အဓမ္မရယူရန် ကြိုးပမ်းသည့် အခြေသို့ဆိုက်ခဲ့သည်။

ယင်းဖြစ်စဉ်မှ နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အကျိုးဆက်ကို မိမိတို့နိုင်ငံနှင့် ပြည်သူများ ယနေ့ ခံစားနေကြရခြင်းဖြစ်သည်။ နိုင်ငံ၏ အရေးပေါ်ကာလအခြေအနေ၊ အိမ်စောင့်အစိုးရ၏ မြန်မာ့ ဒီမိုကရေစီလမ်းကြောင်း အတိမ်းအစောင်းကို ပြန်လည်တည့်မတ်စေရေး လုပ်ငန်းများ အကောင်အထည်ဖော်မှု၊ အကြမ်းဖက် အဖျက်သမားတို့၏ အလုံးစုံပျက်သုဉ်းရေး အဖျက်အမှောင့် လုပ်ငန်းများ၊ မီးရှို့ဖောက်ခွဲဖျက်ဆီး ပစ်ခတ်သတ်ဖြတ်မှုများ၊ အနာဂတ်ပျောက် သွားသည့် လူငယ်များ၊ လမ်းမှားရောက်သွားသည့် မျိုးဆက်သစ်များ စသည်တို့မှာ မိမိတို့လက်ကလော တွေ့မြင်နေရသည့် နိုင်ငံ၏ မြင်ကွင်းပုံရိပ်များဖြစ်သည်။

နိုင်ငံသည် ထာဝရဖြစ်၍ အစိုးရဟူသည် တစ်ခဏသာဖြစ်သည်။ နိုင်ငံ၏ ပိုင်နက်နယ်မြေများ ထာဝရတည်တံ့ခိုင်မြဲရေး၊ နိုင်ငံ၏ အချုပ်အခြာအာဏာ သူတစ်ပါးလက်သို့ မကျရောက်ရေး၊ နိုင်ငံ၏ ပြည်သူများဘဝ အေးချမ်းသာယာဝပြောရေးတို့အတွက် ဖန်တီးတည်ဆောက် အကောင်အထည်ဖော် ကြရာတွင် အစိုးရနှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖို့လိုသည်။ မိမိတို့နိုင်ငံ၏ လတ်တလော လိုအပ်ချက်မှာ ကိမ်းစောင်းသွားခဲ့သော ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည် တည့်မတ်စေရေး ဆောင်ရွက်ရာတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ အဓိက လိုအပ်ခြင်းပင်ဖြစ်သည်။ နိုင်ငံမတည်ငြိမ် မအေးချမ်းဘဲ၊ တရားဥပဒေစိုးမိုးမှု မရှိဘဲနှင့် ဒီမိုကရေစီ မဏ္ဍိုင် တည့်မတ်နိုင်သည့်အလျောက် တစ်ယောက်ချင်းစီပါဝင်သည့် စုပေါင်းအားဖြင့် ဝိုင်းဝန်း တည့်မတ် နိုင်ကြပါစေကြောင်း။ ။