နေပြည်တော် နိုဝင်ဘာ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University)သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖိုဒ့် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ကို ဦးဆောင်တည်ထောင်သူ အောက်စဖိုဒ့်တက္ကသိုလ်၏ Fellow နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာ ပြုတက္ကသိုလ်၏ ပါမောက္ခ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ အားဖူးမြော် ကြည်ညိုကြသည်။ ထို့နောက် ဆရာတော်၏ ကျန်းမာရေးဆိုင်ရာများကို မေးမြန်းလျှောက်ထားပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး”ကို မြန်မာနိုင်ငံ တွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည် အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှု ဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထား ကိုးကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး၊ ကမ္ဘာ့နိုင်ငံများမှ လွယ်ကူစွာ လေ့လာနိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ လျှောက်ထားတင်ပြရာ ဆရာတော်က လိုအပ်သည်များ ပြန်လည် လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် အောက်စဖိုဒ့် ဆရာတော် အမှူးပြုသည့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဆရာတော်က ဓမ္မလက်ဆောင်များ ပြန်လည်ချီးမြှင့်သည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓတက္ကသိုလ်ရှိ ပိဋကတ်စာကြည့်တိုက်ရှေ့တွင် ထိုင်ဝမ်ဗန်ဒါပင်အား အမှတ်တရစုပေါင်း စိုက်ပျိုးပေးရာ သံဃာတော်များက မေတ္တာပို့ တရားတော်များကို ရွတ်ဖတ်သရစ္ဇျယ်ပေးကြသည်။ ထို့နောက် စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် အင်္ဂလိပ်ဘာသာ၊ ကိုရီးယာဘာသာ၊ သီရိလင်္ကာဘာသာ အပါ အဝင် ဘာသာစာပေ ၁၂ မျိုးဖြင့် ပြန်ဆိုထားရှိသည့် ပိဋကတ် ၃ ပုံတရားတော်စာအုပ်စာပေများ၊ မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာများဖြင့် ထုတ်ဝေထားသည့် ဗုဒ္ဓစာပေဆိုင်ရာ စာအုပ်စာတမ်းများ၊ စာကြည့်တိုက် အတွင်း ပြည်တွင်း၊ ပြည်ပမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်ဆရာလေးများ၏ စာပေလေ့လာနေမှုများ၊ စာကြည့်တိုက်ကို နိုင်ငံတကာ အဆင့်မီနည်းပညာသုံး ပိဋကတ် စာကြည့်တိုက် ဖြစ်လာစေရန် သန္နိဋ္ဌာန်ထား၍ စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ကို လိုက်လံကြည့်ရှု လေ့လာကြရာ အောက်စဖိုဒ့် ဆရာတော်ကြီးနှင့် စာကြည့်တိုက်တာဝန်ခံ သံဃာ တော်များက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။
အဆိုပါ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University)ကို ဦးဆောင် တည်ထောင်သူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိကို ၁၉၆၄ ခုနှစ် တွင် ရှမ်းပြည်နယ်၊ လဲချားမြို့၊ နောင်ပန်ကျေးရွာတွင် မွေးဖွားခဲ့ပြီး သက်တော် ၆ နှစ်၌ လဲချားမြိို့ သီရိမင်္ဂလာအုဋ် ကျောင်းဆရာတော်ထံတွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ သက်တော် ၁၉ နှစ်တွင် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များတွင် ထူးချွန်ဆုများအသီးသီးရရှိခဲ့ကာ ၂၀၀၄ ခုနှစ်တွင် Oriental Institute, University of Oxford မှ ပါရဂူဘွဲ့ကို ရရှိခဲ့ကြောင်း၊ ထို့နောက် ကမ္ဘာ့နိုင်ငံအသီးသီးသို့ အလျဉ်းသင့်သလို ကြွရောက်၍ နိုင်ငံတကာ တက္ကသိုလ်များ၊ ကောလိပ်များတွင် သာသနာပြုတာဝန်များကို ထမ်းဆောင်တော်မူခဲ့ကြောင်း၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University)ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် နေ့တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာပညာရေးကဏ္ဍကို ကမ္ဘာ့တက္ကသိုလ်ကြီးများကဲ့သို့ ဗုဒ္ဓဘာသာ အတွေးအခေါ်များ၊ တရားဓမ္မများကို နိုင်ငံတကာ အဆင့်မီ သုတေသနပြု လေ့လာသင်ကြား ပို့ချနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်းလာစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူ လျက်ရှိကြောင်းနှင့် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ စာပေများကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် ရေးသားပြုစု ထုတ်ဝေခြင်း၊ ဘာသာပြန်ဆိုခြင်းကိုလည်း လုပ်ဆောင်ကာ ဘာသာသာသနာ တော်အကျိုးကို ကြိုးပမ်းအားထုတ် ဖော်ဆောင်တော်မူလျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်