Skip to main content

ရုပ်ရှင် သက်ကြီးပညာများ ကန်တော့ပွဲမှ ‌ဝါရင့်အနုပညာရှင် ဒေါ်နွဲ့နွဲ့စန်း ပြောကြားချက်အပေါ် ဝေဖန်ပြောဆိုနေမှု ထိပ်သီး အနုပညာရှင်များ စိုးရွံ့ပြီး စိတ်မကောင်း ဖြစ်နေကြဟုဆို

နေပြည်တော်၊ အောက်တိုဘာ ၁၇

၂၀၂၁ ခုနှစ် ရုပ်ရှင် သက်ကြီးပူဇော်ပွဲတွင် အနုပညာရှင်ကြီးနှစ်ဦး ပြောကြားလိုက်သော စကားများအပေါ် ဝိုင်းဝန်း ဝေဖန် ထိုးနှက် တိုက်ခိုက်နေမှု အပေါ် များစွား စိုးရွံ့ပြီး စိတ် မကောင်း ဖြစ်ရကြောင်း ဝါရင့် အနုပညာရှင်တစ်ဦးမှ ပြောဆိုသည်။

"တကယ်တော့ ကန်တော့ခံ အနုပညာရှင်ကြီး နှစ်ဦးရဲ့ ပြောစကားတွေဟာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစရာ မရှိပါဘူး။ အခုက အစိုးရ ဘာလုပ်လုပ် (ကောင်းတာတွေပဲ လုပ်နေဦး) Facebook မှာ ရည်ရွယ်ချက်ရှိရှိကို ဆဲနေတဲ့သူက လူများစုပါ။ အပျက်ဘက်ပဲ တွေးပြီး ပြောနေ ရေးနေကြ တာလေ။ ဒါကိုလည်း ဘယ်သူမှ ဝင် မပြောရဲကြဘူး။ ဆဲတဲ့ အုပ်စုက အင် အား တောင့်နေကြတာလေ။ ခဏပါပဲ။ နေထွက်လာရင် မြူနဲ့ နှင်းကတော့ ပျောက်သွားမှာပါ" ဟု ပြောသည်။

"အနုပညာသမား အများစုက  ဒီကနေ့အချိန်မှာ ဇရာအိုမင်းပြီး ဘဝတစ်ခုရဲ့ ရွှေအိုရောင် ဆည်းဆာချိန်တွေကို ဖြတ်သန်း နေရချိန်ပါ။ သူတို့မှာ ခံစားမှုတွေရှိတယ်။ သူတို့မှာ အမှား အမှန် အကောင်းအဆိုးကို ဝေဖန်စောကြောနိုင်တဲ့ အသိတရားတွေ ရှိတယ်။ သူတို့မှာ ခေတ်စနစ် အမျိုးမျိုးကို ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေရှိတယ်။ သူတို့မှာ မိမိခံစားသမျှ တွေ့မြင်သမျှ ကို ထုတ်ဖော် ပြောဆိုခွင့်တွေ ရှိတယ်။ သူတို့ပြောဆိုသမျှကို ဝေဖန် ပြစ်တင် တိုက်ခိုက်ဖို့မလိုဘဲ စိတ်သဘောထား ကြီးကြီးနဲ့ နားလည်လက်ခံ ပေးဖို့လိုပါတယ်။

သူတို့နှစ်ဦးစလုံးရဲ့ ပြောဆိုချက်ဟာ ဘယ်သူ့ကို ထိခိုက်သွားတယ်ဆိုတာ ပြောနိုင်ရင် ပြောပေးကြပါ။ သူတို့ဟာ အဖြူရောင် အနုပညာသမားတွေ ဖြစ်တယ်၊ နိုင်ငံရေးနဲ့ မရောစပ်ဘူး လို့ ပြောတာဟာ အပြစ်လား။ နိုင်ငံတော် ဝန်ကြီးချုပ်ကြီးက အလှူငွေတွေ ထောက်ပံ့ပေးလို့ ကျေးဇူးတင်တယ်လို့ ပြောတာဟာ အပြစ်လား။ သူတစ်ထူးရဲ့ ကျေးဇူးကို ထုတ်ဖော်ကျေးဇူး တင်တာမင်္ဂလာတရားပဲ မဟုတ်ဘူးလားဗျာ" ဟု ထပ်လောင်း ပြောဆိုသည်။

တကယ်တော့ အနုပညာရှင်ကြီးတွေကို ဝေဖန်ပြစ်တင်ပြောဆိုနေကြသူတွေဟာ ဒီမိုကရေစီ လိုလားသူတွေ ဖြစ်တယ်။ ဒီမိုကရေစီဆိုတာ မတူကွဲပြားမှုကို လက်ခံနိုင်ရတယ်။ Diversity and Unity ကို နားလည်ရတယ်။ ငါတို့နဲ့ အမြင်မတူရင် ငါတို့ရန်သူဆိုတဲ့ အတွေးအခေါ် ဓလေ့စရိုက် ဟာ စစ်အေးခေတ်မှာ ကျန်ခဲ့ပြီ။ မတူကွဲပြားမှုကို လက္မခံနိုင်သူဟာ ဒီမိုကရေစီသမား မဟုတ်ပါဘူး။ ဒီမိုကရက်တစ် လောဂျစ်ကို နားလည်ရမယ်။ ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန် ရပ်တည်နိုင်ခွင့်ကို အသိအမှတ်ပြု လက်ခံနိုင်ရမယ်လေ။

ယနေ့အချိန်မှာ ရုပ်ရှင်အနုပညာရှင်အများစုဟာ ၅၀၅ နဲ့ အမှုဖွင့်ခံနေရတာတွေ၊ မတူညီတဲ့ အနုပညာသမားအချင်းချင်း social punishment လုပ်ပြီး နှိပ်ကွပ်နေကြတာတွေကြောင့် ရုပ်ရှင်လောကမှာ စည်းလုံးမှု ပြိုကွဲနေချိန် ဖြစ်ပါတယ်။ ယခုလိုအချိန်မှာ တစ်ဦးကို တစ်ဦး နားလည်မှု စာနာမှု ခွင့်လွှတ် သည်းခံမှုတွေနဲ့  စည်းစည်းလုံးလုံး နေရမယ့်အချိန် ဖြစ်ပါတယ်။ တစ်ဦးကို တစ်ဦး တိုက်ခိုက်ပြီး အပြစ်တင် ရှုံ့ချနေလို့ကတော့ ဘယ်သူမှ အကျိုးမရှိနိုင်ပါဘူး။ အချင်းချင်း သွေးမကွဲဘဲ  ရုပ်ရှင်ရဲ့ အနာဂတ်ကို ပိုမိုကောင်းမွန်တောက်ပအောင် အတူတကွ ကြိုးပမ်း ဆောင်ရွက်ခြင်းကသာ အလုပ်ဖြစ်မယ် ထင်ပါတယ်" ဟု ပြောဆိုသွားသည်။

#တကောင်ဘွားမီဒီယာ