Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးဝါးစိုက်ကွင်းများနှင့် စက်ရုံများကြည့်ရှုစစ်ဆေး၊ တွင်းထွက် စက်မှုကုန်ကြမ်း လုပ်ကွက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် အောက်တိုဘာ ၁၈

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ နှင့်အတူ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ဆေးဝါးကုန်ကြမ်းစိုက်ခင်းများသို့ ရောက်ရှိပြီး ဆေးဝါးကုန်ကြမ်းပင်မျိုးများ ထိန်းထားနိုင်ရေး စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားကာ ငှက်ဖျားရောဂါ ကုသဆေး ထုတ်လုပ်နိုင်ရန် အာတီမီးစီးယာများ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် ပျိုးပင်ခြံတို့ကို ကြည့်ရှုစစ်ဆေးသည်။

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေး တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်း ဒေသကြီး ဝန်ကြီးများနှင့် တွေ့ဆုံပြီး မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီး ဌာန စက်ရုံများ လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ စက်မှု လုပ်ငန်းများ ပြန်လည်ထူထောင်ရန် အလေးထားဆောင်ရွက်နေမှု၊ နိုင်ငံပိုင်စက်ရုံ/ အလုပ်ရုံ များကို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူ များဖိတ် ခေါ်၍ အစိုးရ-ပုဂ္ဂလိက PPP ပုံစံ၊ အစိုးရ-ပုဂ္ဂလိက Joint Venture ပုံစံများဖြင့် ဆောင်ရွက်သွားမည့်အခြေအနေ၊ စက်မှုကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်း ခြင်း၊ သုတေသနများ ပြုလုပ်ခြင်း၊ စံချိန်စံညွှန်း များရေးဆွဲခြင်း၊ ဓာတ်ခွဲခန်းများ ထူထောင်ခြင်း၊ စက်မှုဇုန်များဖွံ့ဖြိုး ရေးနှင့် ကြီးကြပ်စစ်ဆေး ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် Regulatory Body အဖြစ် ရပ်တည်ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ထုတ်ကုန်များကို ပြည်တွင်းလိုအပ်ချက် ပြည့်မီကျော်လွန်အောင် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရေး ဆောင် ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်ရောင်း)သို့ ရောက်ရှိရာ စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များ၊ ဆေးဝါးများ ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးများ GMP Guide Line များနှင့်အညီ ပိုမိုထုတ် လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်နှင့်  ဆေးဝါးအမယ်သစ်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်မှာကြားကာ သွေးကြောသွင်း ဆေးရည်အမျိုးမျိုး ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည့် စက်မှုကုန်ကြမ်း လုပ်ကွက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ညှိနှိုင်းအစည်းအဝေးတွင် စက်မှုဝန်ကြီးဌာနရှိ စက်ရုံများအတွက် လိုအပ်သော တွင်းထွက် စက်မှုကုန်ကြမ်းများ ရရှိရေးအတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။

ထို့ပြင် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တွင်းထွက်စက်မှုကုန်ကြမ်း လုပ်ကွက်များနှင့်ပတ်သက်၍ ဆောင်ရွက်ရ မည့်အချက်များ၊ လိုက်နာရမည့် အချက်များနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြ ပြီး ပြည်ထောင်စုဝန်ကြီးများက နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)