Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အင်းလေးကန်နှင့်ဆက်စပ်နေသော ဟိုတယ်များ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြား

နေပြည်တော် အောက်တိုဘာ ၁၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ ဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက် ရှိပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သော ခရီးစဉ် ဒေသများစွာ တည်ရှိ နေပါကြောင်း၊ နိုင်ငံတကာဖြင့် ထိစပ်နေသော ပြည်နယ်ဖြစ်သည့်အတွက် နိုင်ငံဖြတ်ကျော် ခရီးသွား လုပ်ငန်းများနှင့် နေ့ချင်း ပြန်ခရီးစဉ်များ လုပ်ကိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ် ကြောင်း၊  ဝန်ကြီးဌာန အနေဖြင့် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက် ရေးအတွက် နည်းပညာနှင့် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စသောကဏ္ဍများတွင် ပံ့ပိုး ကူညီပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိမိတို့ ပြည်နယ်အနေဖြင့် ဒေသခံလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍကို အလေး ထားပါကြောင်း၊ ခရီးစဉ်ဒေသများ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာအောင် လုပ် ဆောင်နေကြောင်း၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့ Paradise ဟိုတယ်၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ညောင်ရွှေမြို့ ခရီးစဉ် ဒေသစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အင်းလေးကန် ရေရှည်တည်တံ့သာယာလှပရေး အတွက် အင်းလေးကန်ရေပြင်ပေါ်တွင် အမှီသဟဲပြုနေထိုင် လုပ်ကိုင်နေကြသည့် ဟိုတယ်များ၊ ဒေသခံများ အနေဖြင့် အမှိုက်သရိုက်များ စွန့်ပစ်ခြင်းအပြင် ဗေဒါနှင့် ဒိုက်များကိုပါ အမြဲတမ်း ရှင်းလင်းနေ ကြရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနကထုတ်ပြန်ထားသော မြန်မာနိုင်ငံ တာဝန်သိ ခရီးသွား လုပ်ငန်းမူဝါဒ (Myanmar Responsible Tourism Policy) ကိုလေ့လာ လိုက်နာ ကြရန်နှင့် သဘာဝ အရင်းအမြစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ရှမ်း ပြည်နယ် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှု အခြေ အနေ၊ အင်းလေးကန်ရေရှည်ဖွံ့ဖြိုးတိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အင်းလေးကန်တာဝန်ခံ က အင်းလေးကန် ထိန်းသိမ်းမှု အခြေအနေများကို ဆက်လက် ရှင်းလင်းပြောကြားကာ တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်း ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် အင်းလေးကန် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အင်းလေးကန်နှင့်ဆက်စပ်နေသော ဟိုတယ်များ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် ဌာနတာဝန် ရှိသူများ တက်ရောက်ကြပြီး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေး မှူးနှင့် အင်းလေးကန်နှင့်ဆက်စပ်နေသော ဟိုတယ် လုပ်ငန်းရှင်များမှ Online က တစ်ဆင့် ပါဝင် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အင်းလေးရေပြင်နှင့် ဆက်စပ်နေသော ဟိုတယ် (၂၇) လုံးမှ လုပ်ငန်းရှင်များအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် တည်ထောင်လုပ်ကိုင် ဆောင် ရွက်နေရသည်နှင့်အညီ မိမိဟိုတယ်ပတ်ဝန်းကျင် ရှင်းလင်းသာယာ လှပစေရေးအတွက် ဟိုတယ် ပတ်ဝန်းကျင်ရှိ ဗေဒါနှင့်ဒိုက်များကို ရှင်းလင်းရန် လိုအပ်ပါကြောင်း၊ သို့မှသာ ဟိုတယ်များ၏ ပုံရိပ်မှာ ပီပြင်ထင်ရှားကာ လာရောက်လည်ပတ်ချင်စရာ ခရီးစဉ်အဖြစ် ကြိုးစား ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

(သတင်းစဉ်)