ရန်ကုန်- အောက်တိုဘာ ၁၈
ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ကြပါစို့ဆိုသည့် ဆောင်ပုဒ် နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းစုရပ်များ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် ကမ္ဘာအေးဘုရားလမ်းရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း နန်ယန်စုရပ်၌ ဗဟန်းမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ကျောင်းသား ကျောင်းသူ များကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်း ပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးကြသည်။
အလားတူ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(မြို့မ)စုရပ် တွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်း၊ အခြေခံကျောင်းများမှ ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ ကမာရွတ်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းစုရပ်တွင် မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ လှိုင်မြို့နယ် ရန်ကုန် ယူနိုက်တက်ဘောလုံးကွင်းရှိ အားကစားခန်းမတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း စုစုပေါင်း ကျောင်း ၁၆ ကျောင်း မှ ကျောင်းသား ကျောင်းသူ များကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) ကျောင်း စုရပ်နှင့် မင်္ဂလာဒုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း (အောင်ဆန်း သူရိယလှသောင်း)ကျောင်းစုရပ်တို့၌ မြို့နယ်များအတွင်းရှိ ကျောင်းသား ကျောင်းသူများကိုလည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိသည်။
ထို့ပြင် ဒလမြို့နယ် မြို့မ(၄)ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အံ့ကြီး အနောက်ရပ်ကွက်ရှိ အမက(၁၃)ကျောင်း၊ တာကြီးရပ်ကွက်ရှိ အလက(၆) ကျောင်း နှင့် ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတို့ရှိ ဆေးထိုးစုရပ် များ၌ မြို့နယ်များအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးကြသည်။
ကာကွယ်ဆေးထိုးနှံပေးသည့် နေရာများ၌လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် လက်ဆေးဘေစင်များထားရှိ၍ လက်ဆေးစေခြင်း၊ Mask များ ဝေငှခြင်းဆေးထိုး ရန်လာရောက် ကြသည့် ကျောင်းသားကျောင်းသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏတိုင်းတာခြင်း တို့ကို ဦးစွာဆောင်ရွက်ပေးပြီး လုပ်ငန်းစဉ်များပုံမှန်ဖြစ်မှသာ ကာကွယ်ဆေးထိုးနှံ ပေးခြင်းဖြစ်ကာ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများလိုအပ်ပါက ကုသပေးနိုင်ရန် စီစဉ်ထားကြောင်းနှင့် ကာကွယ်ဆေးလာရောက် ထိုးနှံကြသည့် ကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပြီးနောက် နောက်ဆက် တွဲပြဿနာ၊ အန္တရာယ်တစ်စုံ တစ်ရာ ရှိ/မရှိ သိရှိနိုင်ရန် နာရီဝက်စောင့်ကြည့်ပြီး တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ချင်း သတင်းပေးပို့ အကြောင်းကြားနိုင်ရန် ဆောင်ရွက်ထားကြောင်းလည်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်စေရန် School Bus များစီစဉ်ပေးထားပြီး ဆေးထိုးစုရပ် ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက လုံခြုံရေး ဆောင်ရွက် ပေးထားကြောင်း လည်းတွေ့ရစဉ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇူလိုင်(၈)ရက် ကျောင်းတက်ခဲ့သည့် စာရင်း အရ ကျောင်းသား ကျောင်းသူ ၆၈၅၅၈ ဦးကို ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းဖြစ်ပြီး ကျန်ရှိနေသော အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - ကိုကိုဇော်
ဓာတ်ပုံ - ဇော်မင်းလတ်၊ နိုင်လင်းကျော်(ပြန်/ဆက်)