ရန်ကုန် အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီ တွင် ရန်ကင်းမြို့နယ် ဆရာစံလမ်း၊ မြောက်မြင်းပြိုင် ကွင်းလမ်းနှင့် ဗဟန်းမြို့နယ် အနောက်မြင်းပြိုင် ကွင်းလမ်းဆုံ၌ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ယူဆောင်ရွက်နေသည့် ဧရိယာ ၈၀၀၂၈ စတုရန်းပေ၊ ဒု ၁၁ လက်မရှိ လမ်းသားတင်ကွန်ကရစ် ခင်းကျင်းပြီးစီးနေမှုနှင့် အနောက်မြင်းပြိုင်ကွင်း လမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရန် ရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မှာကြား
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)မှ တာဝန်ယူ ဆောင်ရွက် နေသော တောင်ဥက္ကလာပမြို့နယ် မာဃလမ်းရှိကျိုက္ကဆံ ချောင်းကူးတံတား(မာဃ) ပြန်လည် တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး အတိုင်း ကျောက်တိုင်မှတ်တိုင်မှ မြင်တော်သာလမ်းအထိ အရှည် ၃၆၈၉ ပေ၊ အကျယ် ရှစ်ပေ၊ ဒု ခုနစ်လက်မရှိ လူသွားစင်္ကြံ စက်ဘီးလမ်းခင်းကျင်းနေမှုကို လည်းကောင်း၊ ဒေါပုံမြို့နယ်စက်ရုံလမ်း သာကေတ တံတားဟောင်းအဆင်းမှ ဒေါပုံကော်ဇောစက်ရုံ၊ ယင်းမှ မင်းနန္ဒာလမ်း ရွှေပုဇွန်မုန့်တိုက်အထိ အရှည် ပေ ၃၀၀၀ ခန့် လူသွားစင်္ကြံစက်ဘီးစီးလမ်း ခင်းကျင်း နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကမာရွတ် မြို့နယ် ပြည်လမ်း ပညာရေးတက္ကသိုလ်ရှေ့တွင် အောက်တိုဘာ၁၇ရက်ကမိုးသက်လေပြင်းကျရောက် မှုကြောင့် ပြိုလဲသွားသည့် နှစ်ရှည်ကုက္ကိုပင်အား ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဝန်ထမ်း အင်အားများ အပါအဝင် စက်ယန္တရားများဖြင့် ခုတ်ထွင်ရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်