Skip to main content

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

 

ယနေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အပေါင်းတို့အတွက် နေ့ထူးနေ့မြတ်နေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် အများအားဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပခြင်း၊ ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာသမားများအား ပူဇော်ကန်တော့ခြင်းနှင့် ပွဲလမ်းသဘင်များ ပြုလုပ်ကြသည်။ အမှန်တကယ်တွင် သီတင်းကျွတ်လပြည့်နေ့၏ ထူးကဲမွန်မြတ်သောအနှစ်သာရနှင့် ဂုဏ်ထူး ဝိသေသများကို သိရှိနားလည်ရန် လိုအပ်ပါသည်။

 

သီတင်းကျွတ်လပြည့်နေ့၏ထူးခြားသော ဂုဏ်ထူးဝိသေသမှာ မြတ်စွာဘုရားရှင်သည် ခုနစ်ဝါမြောက်ဝါကို တာဝတိံသာနတ်ပြည်၌ ဝါဆိုတော်မူစဉ် သန္တုသိတ အမည်ရသော မယ်တော်မိနတ်သား အမှူးပြုသည့် နတ်ဗြဟ္မာတို့ကို အဘိဓမ္မာ တရားမြတ်အားဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့သည်။ အဘိဓမ္မာဆိုသည်မှာ လွန်ကဲသာလွန်သောတရား၊ ထူးကဲသောတရား ဖြစ်သည်။ အလွန်ကျယ်ဝန်း နက်နဲသည့်တရား၊ ထူးခြားဆန်းကြယ်သည့်တရား၊ အလုံးစုံသော တရားအပေါင်း တို့၏ အဆီအနှစ်ပေါင်းချုပ်ဖြစ်သည်။ အဘိဓမ္မာဒေသနာတော်သည် ပညာကို ပြဋ္ဌာန်းပြီးနတ်တို့ကို ဝါတွင်းသုံးလပတ်လုံး မရပ်မနားကြာမြင့်စွာ ဟောကြားခဲ့သော တရားဖြစ်သည်။

အဘိဓမ္မာတရားတော်သည် သန္တုသိတ မယ်တော်မိနတ်သားအား ဟောကြားသည့် ကျေးဇူးဆပ်တရား ဖြစ်ခြင်း၊ တာဝတိံသာနတ်ပြည်၌ နတ်တို့ကို ဟောကြားသောတရားတော်ဖြစ်ခြင်း၊ ဝါတွင်း သုံးလပတ်လုံး ဟောကြားတော်မူသော တရားဖြစ်ခြင်း၊ ပကတိဘုရားရှင်နှင့် နိမ္မိတဘုရားရှင်တို့ တစ်လှည့်စီဟောကြားတော်မူသော တရားဖြစ်ခြင်းဟူသည့် လွန်ကဲထူးမြတ်ခြင်းနှင့် ပြည့်စုံတော်မူ၏။ ဝါတွင်းသုံးလ ပတ်လုံး ဟောကြားတော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားကို ဟောကြားပြီးမြောက်ခဲ့သည်။ ယင်းကိုရည်စူးပြီး အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှ လူ့ပြည် သင်္ကဿနဂိုရ်ပြည်မှ တစွာဘုရားရှင်သည် အဘိဓမ္မာတရားကို ဟောကြားပြီးမြောက်တော်မူသည့်သို့ သိကြားမင်း ဖန်ဆင်းပူဇော်ပေးထားသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းသုံးသွယ်ဖြင့် ကြွမြန်းတော်မူသည်။ နတ်ဗြဟ္မာများခြံရံလျက် စောင်းတန်းသုံးသွယ်မှ ကြွမြန်းတော်မူရာတွင် မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ်နှင့်အတူ ရွှေ၊ ငွေ၊ ပတ္တမြားအရောင်များ တလက်လက်တောက်ပြောင်၊ ထိန်ထိန်ညီ၊ ဝင်းလက်တောက်ပနေသည်။ လူ့ပြည်သို့ ကြွမြန်းလာသော မြတ်စွာ ဘုရားရှင်ကို သင်္ကဿနဂိုရ်ပြည်မှ မင်းနှင့်ရဟန်း၊ ရှင်လူပြည်သူအပေါင်းတို့က ကြည်နူးမဆုံး၊ ကြည်ညိုမဆုံး ဆီမီးနံ့သာအပေါင်းတို့ဖြင့် ဖူးမြော်ကြည်ညိုပူဇော်ကြသည်။

 

သီတင်းကျွတ်လပြည့်နေ့တွင် ယင်းသို့ မြတ်စွာဘုရားရှင်အား ဆီမီးနံ့သာ အပေါင်းတို့ဖြင့် ထွန်းညှိပူဇော်သည်ကို အကြောင်းပြု၍ နှစ်စဉ်သီတင်းကျွတ်လပြည့် နေ့သို့ရောက်တိုင်း သီတင်းကျွတ် မီးထွန်းပွဲတော်ဟူ၍ ဖြစ်လာခဲ့သည်။ သီတင်း ကျွတ်လပြည့်နေ့၏ အနှစ်သာရမှာ အဘိဓမ္မာ ဒေသနာတော်ကို ကြားနာရသူအပေါင်းတို့ ကျွတ်တမ်းဝင်နိုင်ကြခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင်က အဘိဓမ္မာဒေသနာတော်ကို နတ်ဗြဟ္မာများအား ဟောကြားတော်မူပြီးနောက် ရှင်သာရိပုတ္တရာကို အကျဉ်းချုပ် ပြန်လည်ဟောကြားခဲ့သည်။ ရှင်သာရိပုတ္တရာကတစ်ဆင့် ဆောင်ယူပြီး တပည့်ဖြစ်သည့် ရဟန်းတော်ငါးရာကို ဟောကြားခဲ့သည်။ ရဟန်းတော်ငါးရာက ဆက်လက်လက်ဆင့်ကမ်းပြီး တပည့်အဆက်ဆက် ဆောင်ကြဉ်းလာခဲ့ရာ ဗုဒ္ဓသာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော်အောင် ယနေ့ထက်တိုင် ထွန်းလင်း တောက်ပနေလျက်ရှိသည်။ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့အား ဒုက္ခဆင်းရဲမှ လွတ်မြောက်ကြောင်း နည်းကောင်းလမ်းမှန် ညွှန်ပြပေးလျက်ရှိသည်။

 

သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သည့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူသော ပိဋကတ်သုံးဖြာ တရားရတနာကို နှစ်အရှည်ကြာ တည်တံ့ခိုင်မြဲရန် ရည်မျှော်လျက် သာသနာပြုမင်း တို့သည် ပိဋကတ်သုံးပုံဆောင် မဟာထေရ်မြတ်ကြီးများအား ချီးမြှောက်လျက် ကြီးကျယ်သော ဓမ္မသဘင်ကြီးများကို ကျင်းပနိုင်ခဲ့သည်။ တရားဓမ္မတို့သည် လောကလူသားကောင်းကျိုးများ ဆောင်ကြဉ်းပေးလျက်ရှိသည်။ လောကငြိမ်းချမ်းသာယာရေးကို တွန်းအားပေးလျက် ရှိသည်။ ယုတ်စွအဆုံး လောကလူသားများ ဒုက္ခဆင်းရဲအပေါင်းမှ လွတ်ကင်း ချုပ်ငြိမ်းသည့် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ရှိရေးအထိတိုင် လမ်းညွှန်ပြပေးလျက်ရှိသည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ဒုက္ခဆင်းရဲမှ လွတ်ကင်းအောင် ကျင့်ကြံအားထုတ်သင့်သည်။

 

သို့ဖြစ်ရာ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့သည် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ သီတင်းကျွတ်ဆီမီးပူဇော်ခြင်း၊ မိဘဆရာသမားများအား ပူဇော်ကန်တော့ခြင်းထက် ပိုလွန်ကဲသည့် လောကကောင်းကျိုးများကို ဆောင်ကြဉ်းသည့်၊ ဒုက္ခဆင်းရဲအပေါင်းမှ လွန်မြောက်သည့်၊ သာလွန်ထူးမြတ် လွန်ကဲသည့် အဘိဓမ္မာတရားတော်ကို ဟောကြားပြီးဆုံးခြင်းနေ့ဖြစ်ရာ မြတ်စွာဘုရားရှင် ဟောကြားခဲ့သည့် တရားတော်နှင့်အညီ ကျင့်ကြံပွားများ အားထုတ်ကြရန် လိုရင်း ဖြစ်ပါကြောင်း။ ။