Skip to main content

 

နေပြည်တော် အောက်တိုဘာ ၁၉

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂) နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့်  ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းမြို့ရှိ သီတဂူသံဃဆေးရုံ၌ ဒုတိယအကြိမ်အဖြစ် သံဃာ ၅၀ ပါးနှင့် သီလရှင် ၃၇ ပါးတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ ဆက်လက်၍လည်း စစ်ကိုင်းချောင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများမှ သံဃာတော်များ၊ သီလရှင်များနှင့် ဥပါသကာများကိုလည်းကောင်း၊ ပြည်မြို့ရှိ စင်္ကြာတောင် ကျောင်းတိုက်နှင့် ဇောတိကာရုံကျောင်းတိုက်တို့ရှိ သံဃာတော်များအားလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နှင့် နောင်ချိုမြို့တို့၌ ဒေသခံပြည်သူ ၆၂၄ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်(၂)မြို့နယ်၌  ၁၉၄၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၇၃၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နှင့် တာမွေမြို့နယ်တို့၌ ဒေသခံပြည်သူ ၅၆၃၀ ဦး၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၌ ဒေသခံပြည်သူ ၁၈၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆) မြို့နယ်တို့၌ဒေသခံ ပြည်သူ ၄၁၆၈၀ ဦး၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်တို့၌ ဒေသခံပြည်သူ ၁၇၄၂၀ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ထန်းတပင်မြို့နယ်၌ ဒေသခံပြည်သူ ၃၆၅၀  ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

ထို့အတူ ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ် တစ်နှစ်နစ်နာမှုမရှိစေရေးအတွက် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းများ ဖွင့်လှစ်စဉ် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရေးတို့အတွက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁၈ ရက်နှင့် ယနေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျောင်းသား၊ ကျောင်းသူ ၁၈၃၀ ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၇၁ ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၆၁၆ ဦး၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၄၄၅၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃) မြို့နယ် တို့၌ ကျောင်းသား၊ ကျောင်းသူ ၈၀၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆) မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၁၅၇၁၃ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ် တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၅၀၁၃ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၄၅၈၀ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပန်းတောင်းမြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၄၁၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်