Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဖေဖေါ်ဝါရီ ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုအခါသမယသည် မင်္ဂလာရှိသည့် ကာလတစ်ခုဖြစ်ပြီး စိန်ရတုပြည် ထောင်စုနေ့ အခမ်းအနားကို သိုက်သိုက်ဝန်းဝန်းဖြင့် ကြီးကျယ်ခန်းနားစွာ ကျင်းပဆောင်ရွက် နိုင်ခဲ့ကြောင်း၊ အခမ်းအနားသို့ ဧည့်ပရိတ်သတ်များမပါ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းစုစုပေါင်း ၁၀၄၀၀ ကျော်က အခမ်းအနား တက်ရောက်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် လည်း အခက်အခဲများကြားမှပင် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသအလိုက် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ထုတ်ဖော်ပြသနိုင်ခဲ့သဖြင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ အလားတူ ဝန်ကြီးဌာနများအနေဖြင့်လည်း အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အခမ်းအနားတွင် ဝန်ကြီးဌာနများအလိုက် နိုင်ငံ့ဝန်ထမ်းများအားလုံး တက်ကြွပျော်ရွှင်စွာ စည်းစည်းလုံးလုံးဖြင့် အပင်ပန်းခံ၍ အလေးထား ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကြီးကို အားလုံးမှ ညီညွတ်စွာစုစည်း၍ စနစ်တကျဖြင့် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ခဲ့သဖြင့် သမိုင်းတွင် မှတ်ကျောက်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်ချိန် နည်းပါးခဲ့သော်လည်း အားလုံး၏ ညီညွတ်စွာဖြင့် စုပေါင်းလုပ်ဆောင်မှုများကြောင့် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ညီညွတ်သည့် စုပေါင်းစွမ်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး ညီညွတ်စွာဖြင့် စုပေါင်းတိုင်ပင် လုပ်ဆောင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း။

မိမိတို့အစိုးရ၏ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ ပထမအချက်အနေဖြင့် တိုင်းပြည် သာယာဝပြောမှုရှိရန်၊ စားရေရိက္ခာ ပေါများရန်ဖြစ်ကြောင်း၊ အူမတောင့်မှ သီလစောင့်နိုင်မည်ဆိုသည့်အတိုင်း စားသောက်ရေး အဆင်ပြေမှသာ ကျန်းမာပြီး အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ၏လုပ်ငန်းစဉ်အဖြစ် ဦးစားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက်ရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် နိုင်ငံ၏ ဓနအင်အား တိုးတက်လာချိန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာချိန်၊ နိုင်ငံရေးအရလည်း တည်ငြိမ်မှုရှိလာသည့်အချိန်တွင် နိုင်ငံ၏လုံခြုံရေးကို အပြည့်အဝ အကာအကွယ်ပေးနိုင်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အား ပြည်တွင်းအားဖြင့် တည်ဆောက်၍ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရန် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်သွားရမည်ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသားအားလုံး ပါဝင်သည့် စုစည်းညီညွတ်သည့် ကာကွယ်မှုဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆိုပါ မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်ကြောင်း၊ တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာရှိသည်ကို မိမိအနေဖြင့် အပြည့်အဝ ယုံကြည်ကြောင်း၊ တစ်ပါးသူများကို လိုအပ်သည်ထက် ပိုမိုအားကိုးနေခြင်းထက် မိမိကိုယ်ကို ရပ်တည်ပြီး ကြိုးစားဆောင်ရွက်မှသာ နိုင်ငံတိုးတက် မည်ဖြစ်သဖြင့် ပြည်တွင်း၏ အားဖြင့်သာ နိုင်ငံတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ရေခံမြေခံကောင်းမွန်ပြီး လူဦးရေ ၅၅ သန်းကျော် နေထိုင်၍ အသက် ၁၈ နှစ်အထက် လူဦးရေ ၃၇ သန်းကျော်ခန့်ရှိသဖြင့် လူသားအရင်း အမြစ်များ ပေါများကြောင်း၊ အလားတူ မြေပေါ်မြေအောက် သယံဇာတများ များစွာရှိပြီး စက်မှုလုပ်ငန်းနှင့် ဆက်စပ်နေသည့် တွင်းထွက်ပစ္စည်းများ နေရာအနှံ့တွင်ရှိကြောင်း၊ စိုက်ပျိုးမြေများလည်း များစွာရှိသကဲ့သို့ သဘာဝမှပေးထားသည့် အဖိုးတန် မြေပေါ်သယံဇာတ များလည်းရှိကြောင်း၊ အဆိုပါ မြေပေါ်မြေအောက် သယံဇာတများနှင့် လူသားအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချမည်ဆိုပါက နိုင်ငံဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ချင်းပြည်နယ်အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ရာသီဥတု ပြင်းထန်ခြင်း၊ စိုက်ပျိုးမြေ ရှားပါးခြင်း စသည့် အခက်အခဲများရှိပြီး သစ်တောနှင့်သယံဇာတ ထွက်ရှိမှုမှာလည်း နည်းပါးကြောင်း၊ အလားတူ ကယားပြည်နယ်သည်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး နေထိုင်သည့် လူဦးရေ နည်းပါးကြောင်း၊ သယံဇာတအနည်းငယ် ထွက်ရှိသော်လည်း အခြားပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ခက်ခဲမှုများ ရှိနေဆဲဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ အချို့ဒေသများတွင် တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ပညာရေး၊ ကျန်းမာရေး စသည့် နယ်ပယ်များတွင် ခက်ခဲမှုများ ရှိနေပါကြောင်း၊ ထိုသို့အခက်အခဲများ ရှိနေသည့် ပြည်နယ်များကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့်လည်း ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် ရေခံမြေခံ ကောင်းမွန်သဖြင့် ဒေသအလိုက် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတော် အစိုးရအနေဖြင့် အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိသည့် ပြည်နယ်များကို ဦးစားပေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရန်လိုအပ်ပြီး အချို့ပြည်နယ်များတွင် ပညာရေးအရ အားနည်း သဖြင့် လူ့စွမ်းအားအရင်းအမြစ်များ နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ပညာရေးအားနည်းချက်များ ဖြစ်ပေါ်ရခြင်းမှာ နိုင်ငံမတည်ငြိမ်မှု၊ သွားလာရေး ခက်ခဲမှု၊ ဘာသာစကား အခက်အခဲဖြစ်မှု၊ မိဘများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမှု၊ ပညာသင်ကြားရန် ငွေကြေး မတတ်နိုင်မှုများကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်နယ်များ၏ ပညာရည်မြှင့်တင်ရေးအတွက် လက်တလောကာလတွင် ဦးစားပေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။

၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် စာသင်ကျောင်းများကို ၃ နှစ်ခန့် ပိတ်ထားခဲ့ရသဖြင့် ပညာရေးတွင် နောက်ကျခဲ့ရကြောင်း၊ လတ်တလော ကာလတွင်လည်း ကိုဗစ်ရောဂါ ဖြစ်ပွားမှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး ယခုအခါ အခြေခံပညာကျောင်း များနှင့် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင် စာရင်းသွင်းထားသူ ကျောင်းသား၊ ကျောင်းသူပေါင်း ၉၀ ရာခိုင်နှုန်းနီးပါးခန့် တက်ရောက်ပညာသင်ကြားလျက် ရှိသော်လည်း မျှော်မှန်းထားသည့် ကျောင်းတက်ရာခိုင်နှုန်းထက် နည်းပါး သည်ကို တွေ့ရှိရကြောင်း၊ အချို့ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှု၊ ပညာရေးဝန်ထမ်းများ လျော့နည်းမှုနှင့် ခြိမ်းခြောက်ခံရမှု တို့ကြောင့် ပညာသင်ကြားနိုင်မှု မရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပညာသင်ကြားရေးသည် ပထမဦးစားပေး ဖြစ်ကြောင်း၊ အတန်းပညာ ရှိမှသာ အတတ်ပညာနှင့် အသိပညာရရှိရန် လွယ်ကူမည်ဖြစ်သဖြင့် ပညာသင်ကြားမှုသည် လူတစ်ဦးချင်းအတွက် မဖြစ်မနေ အရေးကြီးလိုအပ်ချက် ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ဒေသအလိုက် ပညာသင်ကြားရေးကို အားပေးဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးပညာသင်ကြားနိုင်ရေး ဦးစားပေး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် စာသင်ကျောင်းများ အားလုံးပြန်လည် ဖွင့်လှစ်နိုင်ရေး အားပေးကူညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာသင်ကြားရေးအတွက် တာဝန်ပြန်လည် ထမ်းဆောင်လိုသည့် ဝန်ထမ်းများရှိပါကလည်း ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ ခွင့်ပြုဆောင်ရွက် ပေးရန်လိုကြောင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများသည် လေ့ကျင့်ပေးထားသည့် ဝန်ထမ်းများဖြစ်သဖြင့် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရေး တိုက်တွန်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ပညာရေးဝန်ထမ်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြသဖြင့် အများအားဖြင့် ရှက်တတ် ကြောက်တတ်မှုရှိကြောင်း၊ အဆိုပါအားနည်းချက်ကို အခွင့်ကောင်းယူ အသုံးချ၍ အကြောင်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဆောင် ရွက်ခြင်းများ ပြုလုပ်၍ အနိုင်ကျင့် ဆောင်ရွက်မှုများရှိသဖြင့် မိမိတို့အနေဖြင့် ကာကွယ်ဆောင်ရွက်ပေးရန် လိုကြောင်း။

ပညာသင်ကြားရေးနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများကို ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေများ ချီးမြှင့်ပေးလျက်ရှိပြီး ဆက်လက်၍လည်း ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ လက်ဦးဆရာများ ဖြစ်ကြကြောင်း၊ ထို့ကြောင့် အာစရိယ ဂုဏော အနန္တော ဆိုသည့်အတိုင်း အာစရိယဂုဏ်ကို အသိအမှတ်ပြု၍ ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဆရာ၊ ဆရာမများသည် ဝါသနာ၊ အနစ်နာ၊ စေတနာ စသည့် နာသုံးနာဖြင့် ကျောင်းသား၊ ကျောင်းသူများကို ပညာတတ်များဖြစ်စေရေး သင်ကြားပေးနေကြခြင်း ဖြစ်ကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် မျှော်မှန်းသက်တမ်းမှာ အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ ကျန်းမာမှသာ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှသာ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစုရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး ယဉ်ကျေး သိမ်မွေ့သူများ ဖြစ်ကြကြောင်း၊ ၎င်းအပြင် မြေသယံဇာတနှင့် ရေသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်ခုလည်း ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် လည်း ကျန်းမာရေးကောင်းမွန်စေရန် အသိနှင့်ယှဉ်သည့် နေထိုင်စားသောက်မှုများနှင့် လုပ်ကိုင်ဆောင်ရွက်မှုများ ရှိရန်လိုကြောင်း၊ အသိနှင့်ယှဉ်၍ ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်နိုင်ရန်အတွက် ပညာရည်မြင့်မားမှု ရှိရန်လိုကြောင်း၊ ပညာရေးနိမ့်ကျမှုများကြောင့် လူတစ်ဦးနှင့် တစ်ဦး၏ လူမှုစီးပွားဘဝများ ကွာခြားလာခြင်း ဖြစ်သဖြင့် အနိမ့်ဆုံးအဆင့် အလယ်တန်း အောင်မြင်အောင် ဆောင်ရွက်၍ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် စက်မှုလက်မှု လုပ်ငန်းများအတွက် ပညာရေးအခြေခံကောင်းများ ရရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း။

ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူလူထု၏ ကျန်းမာရေးကို အလေးထား ဆောင်ရွက်ရန်လိုအပ်ပြီး ယခုနိုင်ငံရေးဖြစ်စဉ်တွင် CDM ပြုလုပ်သူများ များစွာရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၉၅ ခုနှစ်ခန့်မှစ၍ မွေးထုတ်ပေးလိုက်သည့် ဆေးတက္ကသိုလ်အသီးသီးမှ ကျောင်းဆင်းဆရာဝန်များ များစွာရှိပြီး ပြည်တွင်းရှိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ဝင်ရောက်ထမ်းဆောင်ပါက အင်အားအရ လုံလောက်သည်ထက်ပင် ပိုမိုသည့် အင်အားရှိပါကြောင်း၊ သို့ရာတွင် အများစုမှာ နိုင်ငံအတွက်တာဝန် ထမ်းဆောင်ခြင်းထက် ကိုယ်ပိုင်ဆေးခန်းများ ဖွင့်လှစ်ခြင်းနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကိုသာ ဆောင်ရွက်နေကြခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခင်က ဝေးလံခေါင်ဖျားသည့် ဒေသများတွင် ကျန်းမာရေးဝန်ထမ်းများ လိုအပ်ချက်အရ တပ်မတော်မှ ဆရာဝန်များကို တာဝန်ထမ်းဆောင်နိုင်ရန် စေလွှတ်ပေးခဲ့ချိန်တွင်လည်း ကန့်ကွက်မှုများရှိခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအဆင်ပြေစေရန်အတွက် တပ်မတော်မှ ဆရာဝန်များ စေလွှတ်ပေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်များကို သစ္စာရှိစွာဖြင့် ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း လေးနက်စွာ အသိအမှတ်ပြုပါကြောင်း၊ CDM ပြုလုပ်သွားသည့် ကျန်းမာရေးဝန်ထမ်းများ တာဝန်ပြန်လည် ထမ်းဆောင်ရေးအတွက်လည်း တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း။

ကျန်းမာရေးကောင်းမွန်ပါက ပညာသင်ကြားရေးနှင့် အလုပ်လုပ်ကိုင် ဆောင်ရွက်မှုများအတွက် အထောက်အကူပြုမည် ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းကျန်းမာမာနှင့် အသက်ရှည်ရှည် နေထိုင်နိုင်ရန် လိုကြောင်း။

ကိုယ်လက်လှုပ်ရှား အားကစားနှင့် ပတ်သက်၍လည်း ခေတ္တခဏသာ ပြုလုပ်ခြင်းထက် အမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ အဓိကအားဖြင့် တစ်ရက်လျှင် နာရီဝက်ခန့် လမ်းလျှောက်ခြင်းများ ဆောင်ရွက်ပါက ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုကြောင်းကို ကျန်းမာရေးပညာရှင် များ၏ ပြောကြားချက်အရ သိရှိရကြောင်း၊ အလားတူ အသောက်အစား အပျော်အပါးများကို တတ်နိုင်သမျှ လျှော့ချဆောင်ရွက်ရန် လိုကြောင်း၊ အစားအသောက်နှင့် ပတ်သက်၍လည်း ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုများရှိရန်အတွက် မိမိတို့ကိုယ်တိုင် ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ ပြည်သူများသိရှိစေရန်လည်း တိုက်တွန်းပြောကြားပေးရန် လိုကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ မြေပေါ်မြေအောက် သယံဇာတများ၊ ရေနှင့်မြေများကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ ရေများသုံးစွဲရာတွင်လည်း အဟောသိကံ မဖြစ်စေဘဲ ထိရောက်စွာ အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေဩဇာများ လိုအပ်ချက် ရှိသည့်အတွက် ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများကို လှောင်မွေးသည့်စနစ်ဖြင့် နည်းစနစ်တကျ မွေးမြူဆောင်ရွက်ခြင်းဖြင့် ဇီဝမြေဩဇာများ ရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုတွဲဖက်၍ ဆောင်ရွက်မည်ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်အောင် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ ကျေးလက် နေပြည်သူများ၏ လျှပ်စစ်မီးလိုအပ်ချက်အတွက်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးထုတ်လုပ်ခြင်းကို နည်းလမ်းတစ်ခုအနေဖြင့် အသုံးပြုဆောင်ရွက်၍ရကြောင်း။

ဆန်စက်၊ ဂျုံစက် စသည့် လုပ်ငန်းများသည် စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကုန်ထုတ် လုပ်ငန်းများဖြစ်ကြောင်း၊ စက်မှုလယ်ယာစနစ်ကို ဖော်ဆောင်၍ စိုက်ပျိုးရေးထုတ်ကုန်ကို အခြေခံသည့် စက်မှုလယ်ယာစနစ်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုများရှိပြီး အဆင့်မြင့်ချည်များ ထုတ်လုပ်နိုင်ရေး ဝါမျိုးကောင်း မျိုးသန့်များ ရရှိရေးအတွက် ပြည်ပနိုင်ငံများမှ ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှချည်ထည်များအား ယမန်နှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဖိုးခန့် တင်သွင်းခဲ့ရကြောင်း၊ အဆင့်မြင့်ချည်များ ပြည်တွင်း၌ ထုတ်လုပ်နိုင်မည်ဆိုပါက စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဝါစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်ကို အခြေခံသည့် စက်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်၍ရကြောင်း။

မိမိတို့နိုင်ငံတွင် အဖိုးတန် သဘာဝတွင်းထွက်ပစ္စည်းများစွာရှိပြီး အကျိုးရှိစွာ အသုံးချနိုင်ရန် လိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် ဘိလပ်မြေ ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များပြားသဖြင့် အပြည့်အဝ ထုတ်လုပ်နိုင်မှု မရှိသေးကြောင်း၊ ပြည်တွင်းလိုအပ်ချက်အား ပြည်ပမှတင်သွင်းခြင်းထက် ပြည်တွင်းရှိစက်ရုံများကို အပြည့်အဝလည်ပတ်၍ အတတ်နိုင်ဆုံး ထုတ်လုပ်ပေးနိုင်မည်ဆိုပါက ပြည်ပငွေကုန်ကျမှုများစွာ လျော့နည်းသွားမည်ဖြစ်ပြီး ပြည်တွင်းစီးပွားရေး ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်ပကြွေးမြှီများစွာရှိပြီး နှစ်စဉ်ပြန်လည် ပေးဆပ်နေရမှု များပြားကြောင်း၊ ယခင်က ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိဘဲ ပြည်ပမှတင်သွင်းမှုများ အများဆုံး ဆောင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေများ များပြားခဲ့ခြင်းဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု လွဲမှားခဲ့ခြင်းများကြောင့် မိမိတို့နိုင်ငံအတွက် ငွေကြေးမြောက်များစွာ ဆုံးရှုံးနစ်နာမှုများ ရှိခဲ့ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းသည် နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းစေသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ပြည်တွင်း စက်မှုလုပ်ငန်းများနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ကြရန် လိုကြောင်း၊ အဓိကအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဆောက်လုပ်ရေး အတွက် လိုအပ်သည့် ဘိလပ်မြေများနှင့် သံလုံး၊ သံချောင်းများကို လုံလောက်စွာ ထုတ်လုပ်နိုင်ပေးနိုင်ပါက ပြည်သူများ၏ နေထိုင်မှုစနစ်များကို မြှင့်တင် ပေးနိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ အချို့နေရာများတွင် ပြည်သူများ၏ လူနေမှုစနစ် မြှင့်တင်ရေး ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ ပညာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝ မြှင့်တင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော် တာဝန်အား တာဝန်ယူဆောင်ရွက်ရာတွင် အချိန်ကာလအားဖြင့် နည်းပါးကြောင်း၊ ထို့ကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမှ လွဲ၍ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအားလုံး ဒေသအလိုက် ဖွံ့ဖြိုးရေးအတွက် စိတ်စေတနာကောင်းစွာဖြင့် ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ နယ်မြေတည်ငြိမ်အ ေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေ၊ ကုန်စည်စီးဆင်းမှု လျင်မြန်မှန်ကန်စေရေး ဆောင်ရွက်နေမှု အခြေအနေ၊ အခြေခံပညာကျောင်း များနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်မှု အခြေအနေ၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်မှုနှင့် ဝန်ထမ်းများ ပြန်လည် တာဝန်ထမ်းဆောင်နိုင်မှု အခြေအနေ၊ ပြည်သူများ ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ၊ အိုမီခရွန် ကူးစက်ပြန့်ပွားမှု နည်းပါးရေးအတွက် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ၊ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး စိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေ၊ ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်ရရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘဏ္ဍာငွေ အလေအလွင့်နည်းပါးရေးအတွက် ချွေတာရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ မှာကြားရာတွင် မိမိတို့နိုင်ငံ၌ စိုက်ပျိုးမြေများ ပြားစွာရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေကို အကျိုးရှိရှိ အသုံးချနိုင်ရန် လိုအပ်ကြောင်း၊ လယ်စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း ပိုမိုကောင်းအောင် စိုက်ပျိုးနိုင်ပါက မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေ စားနပ်ရိက္ခာ ဖူလုံရေးထက်ပင် ပိုလျှံနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စိုက်ပျိုးမြေများ လျော့နည်းမှုမရှိစေရေးအတွက် အခြားနည်းဖြင့် အသုံးပြုမှုများကို အတတ်နိုင်ဆုံး မဖြစ်မနေ အခြေအနေမှသာ ဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ ရေကိုလည်း စိုက်ပျိုးရေးအတွက် အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်၊ ချောင်းများမှ ရေကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် လူသားအကျိုးပြု လုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးချကြစေလိုပြီး ယင်းသို့ အသုံးချနိုင်ပါက ပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ မြစ်၊ ချောင်းများတွင်လျှပ်စစ်ထုတ်လုပ်နိုင်ပါက ဓာတ်အားမဂ္ဂဝပ် ၄၀၀၀၀ ကျော် ထုတ်လုပ်နိုင်မည့်ဟု ပညာရှင်များက ခန့်မှန်းထားကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် လျှပ်စစ်ထုတ်လုပ်နိုင်သည့် အခြားအနေများလည်း များစွာရှိကြောင်း၊ လျှပ်စစ်မီးနှင့် စက်သုံးဆီချွေးတာရေး ကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်မီးသုံးစွဲရာတွင် ဓာတ်အားသုံးစွဲမှုကို လျော့နည်းစေသည့် လျှပ်စစ်ပစ္စည်းများကို သုံးစွဲခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားကို အသုံးပြုသည့် ရာခိုင်နှုန်းများစွာ လျော့နည်းသွားမည်ဖြစ်ပြီး ငွေကြေးကုန်ကျမှု သက်သာစေမည်ဖြစ်ကြောင်း၊ စက်သုံးဆီကို ပြည်ပမှအများဆုံး မှာယူတင်သွင်းနေရသည့်အတွက် နှစ်စဉ် တိုင်းပြည်မှ နိုင်ငံခြားငွေများစွာ သုံးစွဲနေရကြောင်း၊ သို့ဖြစ်၍ အမှန်တကယ် သုံးစွဲရန်လိုအပ်သည့် ကိစ္စရပ်များ၌သာ သုံးစွဲကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ကောင်းမွန်ရေးနှင့် မြို့ပတ်ရထားများ အပြည့်အဝ ပြေးဆွဲနိုင်ရေးကို အလေးထား စီစဉ်ဆောင်ရွက်သွားစေလိုကြောင်း၊ ထို့ပြင် ကုန်စည်ပို့ဆောင်မှု ကောင်းမွန်စေရေးအတွက် ရထားများပုံမှန် ပြေးဆွဲနိုင်ရေး၊ ဘူတာရုံများ စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း၊ ရထားလမ်းနှင့် ကားလမ်းနယ်နိမိတ်များ အတွင်းသို့ ကျူးကျော်ဝင်ရောက်နေထိုင်မှု မရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ခြိုးခြံချွေတာ၍ စနစ်တကျသုံးစွဲရေးကို တာဝန်ရှိသူများက အလေးထား ဆောင်ရွက်သွားရန် လိုကြောင်း၊ သို့မှသာ နိုင်ငံပိုမို ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးအနေဖြင့် ရင်းရင်းနှီးနှီး တိုင်တိုင်ပင်ပင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်