Skip to main content

မန္တလေးပါရာဒီဆိုရုပ်ရှင်ရုံဖွင့်လှစ်

မန္တလေး မတ် ၁၁

မန္တလေးပါရာဒီဆို ရုပ်ရှင်ရုံဖွင့်ပွဲကို မန္တလေးမြို့၊ ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ အဆိုပါ ရုပ်ရှင်ရုံတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ဖွင့်ပွဲတွင်  မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်ဦးရဲမွန်၊ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဦးအောင်လွင်နှင့် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် စိုးမြတ်သူဇာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးသည်။ ထို့နောက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန်က အမှာစကားပြောကြားပြီး Paradiso Cinemas Co,Ltd ဥက္ကဋ္ဌ၊ ရုပ်ရှင်နှင့်ဗွီဒီယို သရုပ်ဆောင် ဦးလွင်မိုးက ရုပ်ရှင်ရုံများ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် Paradiso Cinemas Co,Ltd ဒါရိုက်တာ၊ ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ဦးဇာဂနာက ကျေးဇူးတင်စကား ပြောကြားပြီး ရုပ်ရှင်ဇာတ်ကား နမူနာအား ပြသခဲ့သည်။

ဖွင့်ပွဲသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ Paradiso Cinemas Co,Ltd ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ၊ ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင်များ၊ ရုပ်ရှင်ချစ် ပရိသတ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အလားတူ နေ့လယ်ပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ နန်းတော်ရှေ့ပါရာဒီဆို ရုပ်ရှင်ရုံ အားလည်းကောင်း၊ ညနေပိုင်းတွင်  အမရပူရမြို့နယ်ရှိ အမရပူရပါရာဒီဆိုရုပ်ရှင်ရုံအား လည်းကောင်း အသီးသီး ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းသိရပြီး ယခုအခါမန္တလေးမြို့တွင် ပါရာဒီဆိုရုပ်ရုပ်ရုံ ငါးရုံနှင့် ပိတ်ကားပေါင်း(၈) ခု ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း (ပြန်/ဆက်)