ဗီယက်နမ်နိုင်ငံတွင်ကျင်းပမည့်(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမား ၂၉၃ ဦးတို့က အားကစားနည်း ၂၀ ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် ကြိုးပမ်းယှဉ်ပြိုင်သွားကြမည့် အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံကို အပ်နှင်းလိုက်ပြီဖြစ်သည်။ အားကစားနည်း ၄၀ထည့်သွင်းကျင်းပသွား မည်ဖြစ်သည့်ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဆုတံဆိပ်ရရှိရန် အလားအလာရှိသည့် အားကစားနည်း ၂၀ ၌သာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ဦးတည်ပြင်ဆင်လေ့ကျင့်ခဲ့ကြခြင်းဖြစ်ရာ ရည်မှန်းချက် အတိုင်းအပြည့်အဝအောင်မြင်မှုရရှိနိုင်ရန် အားကုန်ထုတ်၍ အမြင့်မားဆုံးစိတ်ဓာတ်ဖြင့် ကြိုးပမ်းစွမ်းဆောင်ကြရမည်ဖြစ်သည်။
“မိမိတို့၏ အားကစားသမိုင်းတွင် မှတ်တမ်းတင်နိုင်ရေး တက်ညီလက်ညီနှင့် အစွမ်းကုန်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် မှာကြားလိုကြောင်း၊ သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ယခင်က ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ်များ ပိုမိုရရှိအောင် စွမ်းဆောင်ပေး နိုင်ကြမည်ဆိုပါက မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲ မှတ်တမ်းတင် နိုင်မည်ဖြစ်ပါကြောင်း၊အမိနိုင်ငံ၏အလံတော် လွှင့်ထူဂုဏ်ပြုခံရခြင်းမျိုးကို နိုင်ငံသားတိုင်းက လိုလားကြသည်ဖြစ်သဖြင့် အားသွန်ခွန်စိုက်ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေး အလံအပ်နှင်းခြင်းအခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ရာ ပြိုင်ပွဲတွင် အားကစားသမား တစ်ဦးချင်းစီနှင့်တကွ အားကစားအသင်းအဖွဲ့များအားလုံး သမိုင်းမှတ်တမ်းကောင်းများ ရေးထိုး နိုင်ကြရန် မျှော်လင့်မိသည်။
အားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခြင်းသာ အဓိကဟု ဆိုသော်လည်း ယှဉ်ပြိုင်မှုတွင် အောင်ပွဲဆင်နိုင်မှသာ ဂုဏ်သိက္ခာ မြင့်မားခြင်းဖြစ်သည့်အလျောက် နိုင်ငံအလိုက် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများတွင် အနိုင်ရရှိမှသာ နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်နိုင် မည်ဖြစ်သည်။ အားကစားနည်းများ အလိုက် အမြင့်ဆုံးသော အောင်မြင်မှု ဆွတ်ခူးရယူနိုင်ရေးသည် အားကစားသမားများနှင့် တကွ မြန်မာအားကစားအဖွဲ့ဝင်အားလုံး၏ အမျိုးသားရေးတာဝန် ပင်ဖြစ်သည်။ အားကစားသည် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် အားကစားနည်းအလိုက် ကျွမ်းကျင်မှုတို့ ပေါင်းစပ်ပါဝင်ပြီး အားကစား ယှဉ်ပြိုင်ရာတွင်မူ စိတ်ဓာတ်၊ စည်းကမ်း၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား စသည့်နှလုံးရည်ပိုင်းကိုလည်း မြှင့်တင်ထားကြရမှာ ဖြစ်သည်။ ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်မှုအဖွဲ့ အစည်းများမှာ နိုင်ငံကိုကိုယ်စားပြုထားသူများ ဖြစ်ကြသည့်အတွက် နိုင်ငံတကာအလယ်တွင် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာထည်ဝါရေးကို အချိန်တိုင်းတွင်နှလုံးသွင်းထားရန် လိုအပ်သည်။
နိုင်ငံ့ဂုဏ်ဆောင်အောင်ပွဲခံပြီးအောင်လံလွှင့်ထူနိုင်မည့် အားကစားသမားများနှင့် အားကစားအဖွဲ့များကို နိုင်ငံတော်က ဂုဏ်ပြုသွားမည်ဖြစ်သကဲ့သို့ အားကစားသမားများ၏ အောင်မြင်မှုများမှာ မိမိတို့၏သမိုင်းကို ကိုယ်တိုင်ရေးထိုးခြင်းလည်းဖြစ်သည်။ နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရာတွင် အမြင့်မားဆုံး အောင်ပွဲဆင်နိုင်ရေးအတွက် ရေကုန်ရေခန်း ကြိုးပမ်းစွမ်းဆောင် နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်