အချိန်တန်အရွယ်ရောက် လူလားမြောက်သည့်အခါ အသက်အရွယ်အလိုက် လုပ်ကိုင်ရမည့် အလုပ်များကို မဖြစ်မနေ လုပ်ကိုင်ကြရမည်ဖြစ်သည်။ ပညာရှာချိန်အရွယ်တွင် ပညာရှာ၊ အလုပ်လုပ်ကိုင်ရမည့်အရွယ်တွင် အလုပ်လုပ်ကိုင်ကြရမည် ဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးတို့ကြောင့် သူ့အချိန်အခါနှင့် သူ့အသက်အရွယ်အရ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်ကိုင်နိုင်ကြသောသူများအား တွေ့ရမည်ဖြစ်သည်။
အထူးသဖြင့် ကျောင်းနေအရွယ်အားလုံးသည် ပညာသင်ကြားကြရန်အတွက် ကျောင်းနေကြရမည်ဖြစ်သည်။ ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရန်အတွက် ပညာသင်ကြားရေးကို နိုင်ငံတော်က အတတ်နိုင်ဆုံး ပံ့ပိုးဖြည့်ဆည်းပေးလျက် ရှိသည်။ သို့သော် ဘဝအကြောင်းအမျိုးမျိုးတို့ကြောင့် ကျောင်းမနေနိုင်ကြသောသူများလည်း ရှိနေသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရန်အတွက် မိဘ၊ ဆရာ၊ ကျောင်းသား အားလုံးပူးပေါင်းလက်တွဲ၍ ကျောင်းနေနိုင်အောင် ကြိုးစားအားထုတ်ကြရမည် ဖြစ်သည်။
မကြာမီကာလ ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသည် နိုင်ငံတစ်ဝန်း ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလဖြစ်သည်။ ဇွန်လ ၂ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ အားလုံးဖွင့်လှစ်မည်ဖြစ်သည်။ ကျောင်းများဖွင့်လှစ်သည့်အခါ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမပြုပါ။ ကျောင်းသားမိဘများအနေဖြင့် မိမိတို့ သားသမီးများအား ငွေကြေးတစ်စုံတစ်ရာ ကုန်ကျခြင်း မရှိသည့်အပြင် ကျောင်းသား/ကျောင်းသူလေးများ လိုအပ်သည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများမှအစ ကျောင်းဝတ်စုံများပါမကျန် ထောက်ပံ့ပေးသွားမည်ဟု သိရသည်။
မိဘအုပ်ထိန်းသူများအတွက် ဝမ်းမြောက်ဝမ်းသာ ကျေနပ်နှစ်သက်စရာ ဖြစ်သည်။ ရှေးယခင်ကာလများက ကျောင်းအပ်ရာသီရောက်ရှိလာလျှင် မိဘအုပ်ထိန်းသူများမှာ သားသမီး အနည်းအများရှိလျှင်ရှိသလောက် စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြသည်။ အခြေခံလူတန်းစားများအဖို့ မိမိတို့၏ ရင်းသွေးငယ်သားသမီးများ ကျောင်းနေနိုင်ရေးအတွက် ငွေကြေးဥစ္စာများ ရှာဖွေချေးငှားရှာကြံခဲ့ကြရသည်။ အခက်အခဲအကျပ်အတည်းများကြားမှ မိမိတို့၏ သားသမီးများ ပညာသင်ကြားနိုင်အောင် ကြိုးစားရုန်းကန်ခဲ့ကြသည်။ အနည်းဆုံးအဆင့် ပညာတတ်မြောက်နိုင်အောင် ကြိုးစားရုန်းကန်ပေးခဲ့ကြပြီး အရွယ်ရောက်သည့်အခါမှသာ အလုပ်လုပ်ကိုင်ကြရသည်။
ယခုအခါ ပညာသင်ကြားရန်အတွက် ကျောင်းနေရေးတွင် ဘာမျှမလိုအပ်၊ အခက်အခဲများ ဘာမျှမရှိတော့ပေ။ ငွေကြေးအတွက် ပူပန်စရာမလိုဘဲ ဖြောင့်ဖြောင့်တန်းတန်း အေးအေးလူလူ ကျောင်းတက်နိုင်ကြပြီ။ အဓိကမှာ တစ်နှစ်တစ်တန်း ပညာသင်ယူပြီးမြောက်ရန် ကြိုးစားကြရမည်ဖြစ်သည်။ ပညာတတ်လျှင် ဘဝတစ်ခုအဆင့်မြင့်မား တိုးတက်ရေးအတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်သည်။ မိမိနှင့် မိမိမိသားစုဘဝ၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံတော်အတွက် အကျိုးပြုနိုင်မည်ဖြစ်သည်။ ယခု ဧပြီလ ၂၄ ရက်နေ့က အခြေခံပညာကျောင်းများ အားလုံး၏အောင်စာရင်းများ ထုတ်ပြန်ပေးခဲ့ပြီး လာမည့်ဇွန်လတွင် အခြေခံပညာ ကျောင်းများ ပုံမှန်ဖွင့်လှစ်တော့မည်ဖြစ်သည်။ လိုအပ်သည့် ဆရာ ဆရာမများ ထပ်မံဖြည့်တင်းပေးရေးနှင့် သင်ကြားမှု အဆင့်မြှင့်တင်ရေးတို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးထားသည်။ ပညာသင်ကြားရေးကို နှောင့်ယှက်ဖျက်ဆီးနေသူတို့ကိုလည်း တားဆီးဖယ်ရှားပေးလျက်ရှိပြီး ပညာသင်ကြားရေးတွင် စိတ်အေးချမ်းသာစွာရှိစေရေးကို နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်။
ယခုအခါတက္ကသိုလ်၊ ကောလိပ်များအားလုံးကို ဖွင့်လှစ်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများ အားလုံးကိုလည်း ဖွင့်လှစ်ပေးတော့မည်ဖြစ်သည်။ နိုင်ငံတော်၏ ပညာရေးကဏ္ဍ ပွင့်လန်းဝေဆာလာတော့မည် ဖြစ်သည်။ အခြေခံပညာနှင့် အဆင့်မြင့်ပညာအဆင့် ကျောင်းသားကျောင်းသူအားလုံး အပြည့်အဝ ကျောင်းနေကြရတော့မည့် တာဝန်ရှိတော့သည်။ ပညာသင်ချိန်အရွယ်တွင် ပညာကို ပြီးမြောက်အောင် သင်ကြားအားထုတ်ခြင်းမရှိပါက ကာယကံရှင် ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်း သူများအတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်ကြရသည်။ နိုင်ငံတော်တွင် အလုပ်လုပ်နိုင်မည့်လုပ်အားများ ဆုံးရှုံးမှုများ ဖြစ်ပေါ်ပြီး တစ်ဦးချင်းစီနှင့် မိသားစုဘဝများ အတွက်ပါ နစ်နာဆုံးရှုံးမှုများ ဖြစ်ကြရသည်။
သို့ဖြစ်ရာ ပညာသင်ကြားခြင်းသည် မိမိဘဝ၊ မိမိမိသားစုဘဝ၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံပျိုးထောင်ပေးခြင်းဖြစ်သည်။ ပညာမသင်ကြားခြင်းသည် မိမိဘဝ၊ မိမိမိသားစု၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုဖြစ်သည်။ ထို့ကြောင့် ပညာသင်ကြားရမည့် အချိန်အခါအရွယ်တွင် ပညာသင်ကြားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက အဘက်ဘက်ကအတတ်နိုင်ဆုံး ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးနေချိန်တွင် ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။