Skip to main content

သွေးထိုးလှုံ့ဆော်မှုများရှောင်ရှား ဥပဒေဘောင်အတွင်းလုပ်ကိုင်

မျက်မှောက်ခေတ် အိုင်တီနည်းပညာခေတ်ကာလတွင် အများပြည်သူတို့အနေဖြင့် ဆိုရှယ်မီဒီယာများကိုသာ များသောအားဖြင့် အသုံးပြုဆောင်ရွက်နေကြသည်။ မှန်ကန်သော အသိအမြင်ဗဟုသုတ သတင်းအချက်အလက်များနှင့် ဘဝအမောပြေ လူမှုဆက်ဆံရေးနယ်ပယ်တို့အတွက် အသုံးပြုကြရာ၌ ကောင်းကျိုးဆောင်ကြဉ်းပေးသော်လည်း လူမှုကွန်ရက်ကိုအသုံးပြု၍ မမှန်ကန်သောလုပ်ဆောင်မှုများ၊ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားယုတ်လျော့ပျက်ယွင်းစေသော လုပ်ဆောင်မှုများကိုလည်း သတိပြုကြရမည်ဖြစ်သည်။

ယခုအခါ လူမှုကွန်ရက်ပေါ်မှ တရားမဝင်မီဒီယာများနှင့် မသမာသူအဖျက်သမားများက မမှန်ကန်သောသတင်းများ၊ ပုံကြီးချဲ့ကားထားသော သတင်းအချက်အလက်များ၊ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေသော သတင်းအမှားများ၊ သွေးထိုးလှုံ့ဆော်မှုများအား တစိုက်မတ် မတ် ပြုလုပ်လျက်ရှိရာ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်ကြသည်ကို တွေ့ရသည်။ ယင်းသို့ ပြုလုပ်နေမှုများအနက် လွန်ခဲ့သည့်ရက်ပိုင်းက NUG အကြမ်းဖက်အဖွဲ့က အွန်လိုင်းပေါ်မှ စာသင်မည်ပြောဆိုပြီး ပြည်တွင်း၌ Kaung For You ကျောင်းဖွင့်လှစ်ကာ မမှန်မကန်ဆောင်ရွက်မှုများကို ထုတ်ဖော်ဖမ်းဆီးရမိခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မသမာသူအချို့က အွန်လိုင်းပေါ်မှနေ၍ ၎င်းကျောင်းနှင့် ပတ်သက်ခဲ့သူများအား ထွက်ပြေးတိမ်းရှောင်ကြရန် ခြောက်လှန့်လုပ်ဆောင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်နှင့် ပြည်သူတို့၏ အနာဂတ်အတွက် ပညာရေးကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိသည်။ အခက်အခဲများကြားမှ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုလိုအပ်ချက် ကိစ္စအဝဝကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး၊ အခမဲ့ပညာရေးကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုစာသင်နှစ်တွင် ပညာသင်ကြားမှု ရာခိုင်နှုန်းပြည့်နီးပါး‌ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယင်းအချိန်တွင် NUG အကြမ်းဖက်အဖွဲ့က ပြည်တွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများကို မြှောက်ပင့်ထောက်ပံ့ပေးပြီး ဆရာ၊ ဆရာမများနှင့် စာသင်ကျောင်းများကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ယမန်နှစ် ပညာသင်နှစ်ကလည်း ကျောင်းများပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ကို အမျိုးမျိုးအဖုံဖုံ နှောင့်ယှက်ခဲ့ကြပြီး မသမာသူအချို့က အွန်လိုင်းပေါ်မှတစ်ဆင့် သွေးထိုးလှုံ့ဆော်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ စစ်ကျွန်ပညာရေးကျောင်းမတက်ရေး၊ ပညာမသင်ပေးရေးပြုလုပ်ကာ ဆရာ၊ ဆရာမများနှင့် လူငယ်လူရွယ်များ လမ်းမှားပေါ်သို့ရောက်အောင် ပြုလုပ်ခဲ့ကြသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် နိုင်ငံရေးကိုအကြောင်းပြု၍ ပြည်သူများ လမ်းမှားပေါ်သို့ ရောက်ရှိသွားခဲ့သည့် သမိုင်းကြောင်းများရှိသည်။ မျက်မှောက်ကာလတွင်လည်း နိုင်ငံရေးပြောင်းလဲမှုကို အကြောင်းပြု၍ အွန်လိုင်းပေါ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် လူငယ်လူရွယ်များနှင့် ဆရာ၊ ဆရာမများ လမ်းမှားပေါ်သို့ရောက်ရှိခဲ့ကြပြီး ဆင်းရဲဒုက္ခအခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရက လူငယ်လူရွယ်များအနာဂတ်နှင့် ပညာရေးကို ထိခိုက်မှုမရှိစေရေးအတွက် ပြစ်မှုကျူးလွန်ခြင်းမရှိသူများအား ပြန်လည်ဖိတ်ခေါ် ကြိုဆိုလက်ခံခဲ့ကြသည်။ ယခုအခါ CDM ဆရာ၊ ဆရာမအမြောက်အမြားကို ပြန်လည်လက်ခံပေးခဲ့ပြီး PDF အဖွဲ့သို့ ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော လူငယ်လူရွယ် ၂၀၀ ကျော်ကိုလည်း ဥပဒေဘောင်အတွင်း ပြန်လည်ခိုလှုံခွင့်ပေးခဲ့သည်။ ယခုအခါ မမှန်မကန် တရားမဝင်ဆောင်ရွက်ခဲ့သည့် Kaung For You အွန်လိုင်းကျောင်းနှင့်ပတ်သက်၍ ယခုရက်ပိုင်းတွင် ပြည်သူများအား လမ်းမှားရောက်အောင် နိုင်ငံရေးအမြတ်ထုတ် အသုံးချလာကြသည်ကို တွေ့ရသည်။ အွန်လိုင်းပေါ်မှ သွေးထိုးလှုံ့ဆော်မှုများနှင့်အတူ PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် EAO အချို့က တရားမဝင်ကျောင်းနှင့် ပတ်သက်ခဲ့ကြသူများအား ၎င်းတို့ထံသို့ လာရောက်ကြရန် ကမ်းလှမ်းနေမှုများမှာ အလွန်အန္တရာယ်ကြီးမားသည်ကို သတိပြုကြရမည် ဖြစ်သည်။

အဆိုပါ တရားမဝင်ကျောင်းနှင့်ပတ်သက်၍ အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့ကြသူများ၊ ဦးစီးဦးဆောင်ပြုလုပ်ခဲ့ကြသူများနှင့် ထိုဖြစ်စဉ်တွင် လူငယ်များအား လမ်းမှားရောက်အောင် တွန်းပို့ပေးနေကြသူများမှလွဲ၍ သွေးဆောင်ဖြားယောင်းခံရသည့် မိဘများနှင့် ကျောင်းသား ကျောင်းသူများအား အရေးယူရန်မရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က အတိအလင်း ပြောကြားထားသည်။ သို့ဖြစ်ရာ ပြည်သူများအနေဖြင့် မသမာသူများ၏ လှည့်ဖြားမှုကို နားမယောင်ဘဲ နိုင်ငံနှင့်ပြည်သူများ၏ အနာဂတ်ထိခိုက်ပျက်စီးစေရန် နည်းအမျိုးမျိုးအဖုံဖုံ ပြုလုပ်နေသည့် အန္တရာယ်များကို သတိပြုကြရန်လိုပြီး ကျောင်းသားလူငယ်များနှင့် မိဘပြည်သူများအနေဖြင့် ပညာရေးကို နည်းမှန်လမ်းမှန်ဆောင်ရွက်ခြင်းဖြင့် မိမိတို့အနာဂတ်ခရီးလမ်း ဖြောင့်တန်းအောင် ဆောင်ရွက်ကြစေလိုပါကြောင်း။          ။

ကြေးမုံအယ်ဒီတာ့အာဘော်