ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် မသုံးမဖြစ်လိုအပ်လျက်ရှိသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ဝယ်ယူအသုံးပြုနေကြရသည်။ ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာသော အသုံးဝင်သည့် နှစ်သက်ရာကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုကြရာတွင် အရည်အသွေးမမီခြင်းဟူသော အချက်သည် ပြည်သူများ၏ကျန်းမာရေးကို ထိခိုက်စေသည့်ကုန်ပစ္စည်းများ ပါဝင်လာသည်။
ဤအချက်ကို ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဖြေရှင်းဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ပြည်သူများအနေဖြင့် အစောပိုင်းကာလက ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုအားထားနေရပေသည်။ ကုန်ပစ္စည်းအရည်အသွေးစစ်မှန်ခြင်း၊ မစစ်မှန်ခြင်းကို အထူးဆန်းစစ်ခြင်းမပြုနိုင်ဘဲ နှစ်သက်သဘောကျနိုင်သည့် မျက်မြင်အနေအထားနှင့် ဈေးနှုန်းအပေါ်တွင်မူတည်၍သာ ရွေးချယ်ဝယ်ယူအသုံးပြုကြသည်။ အရည်အသွေးမမီ၊ မစစ်မှန်သည့်ကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုမိပါက ကျန်းမာရေးထိခိုက်ပြီး ထိခိုက်နစ်နာ ဆုံးရှုံးမှုများနှင့်ကြုံတွေ့ကြရသည်။
အများပြည်သူ နေ့စဉ်မဖြစ်မနေ ဝယ်ယူသုံးစွဲနေကြသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်ပစ္စည်းစစ်မှန်ရေး၊ အရည်အသွေးပြည့်ဝရေး၊ အာနိသင်ပြည့်မီရေးတို့သည် အလွန်အရေးကြီးသည့်အချက်ဖြစ်သည်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ကုန်ပစ္စည်းများကို စိတ်ချလက်ချ ဝယ်ယူအသုံးပြုနိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသူများအနေဖြင့် ချမှတ်ထားသည့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းများကို နှီးနွှယ်ဌာနများနှင့်ပူးပေါင်းပြီး စနစ်တကျ ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများတွင် မပါဝင်သင့်၊ မပါဝင်ထိုက်သည့် ဓာတ်ပစ္စည်းများ ပါဝင်မှုနှုန်းကို ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း၊ ဆေးဝါးထုတ်လုပ်ရာတွင် ကုန်ကြမ်းစစ်မှန်မှု ရှိ၊ မရှိနှင့် မလိုလားအပ်သော အရောအနှောများပါဝင်နေမှုကို ဓာတ်ခွဲစစ်ဆေးခြင်း၊ အစားအသောက်များတွင် ဆိုးဆေးနှင့် တာရှည်ခံဆေးဝါးများ ခွင့်ပြုပမာဏထက် ကျော်လွန်သုံးစွဲခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ အစားအသောက်များတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော မှိုပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ အစားအသောက်များထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများစစ်မှန်မှုနှင့် အရည်အသွေးတို့ကို စမ်းသပ်စစ်ဆေးခြင်း၊ စားသုံးဆီတို့၏ အမျိုးအစားများ စစ်မှန်မှု ရှိ၊ မရှိနှင့် ဆီအမျိုးအစားအလိုက် ပြည့်ဝဆီနှင့် မပြည့်ဝဆီပါဝင်မှုကို စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်တွင် ထုတ်လုပ်ရောင်းချနေသော ကုန်ပစ္စည်းများအားလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးနိုင်ရန်မှာ လွယ်ကူလှသည့်အလုပ်မဟုတ်ပေ။ ထို့ကြောင့် ထုတ်ကုန်ပစ္စည်းများအပေါ်တွင် သက်ဆိုင်ရာက စစ်ဆေးပြီးကြောင်း အမှတ်တံဆိပ်များ ထည့်သွင်းဖော်ပြစေပြီး ထိုအမှတ်တံဆိပ်များပါရှိမှသာ စိတ်ချလက်ချ ဝယ်ယူအသုံးပြုသင့်ပါသည်။ ယင်းကို ထုပ်ပိုးကုန်များအပေါ်တွင် များသောအားဖြင့် လုပ်ဆောင်နိုင်ကြပြီး ထုပ်ပိုးကုန်မဟုတ်သည့် လက်ငင်းစားသောက် ကုန်ပစ္စည်းများတွင်မူစစ်ဆေးပြီးကြောင်း အမှတ်အသားများပါဝင်နိုင်ရန် မလွယ်ကူသဖြင့် ပြည်သူများအနေဖြင့် အာမခံချက်မပါဘဲ စားသောက်နေရသည့် သဘောရှိသည်။ ဥပမာအားဖြင့် နံနက်စာစားသောက်သည့် အစားအစာများတွင် ကျန်းမာရေးကို ထိခိုက်စေသော စားသောက်ကုန်များစွာ ရှိနေသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်၌ သီးခြားဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ နေပြည်တော် (ရုံးချုပ်)၊ ရန်ကုန်(ရုံးခွဲ)၊ မန္တလေး(ရုံးခွဲ)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်ရုံး ၁၂ ရုံးနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၃ ခုတို့တွင် တိုးချဲ့ဖွဲ့စည်းခဲ့ရာ ယခုအခါတွင် ခရိုင်အဆင့်ရုံး ၃၃ ခုအထိ တိုးချဲ့ဖွဲ့စည်းထားနိုင်ပြီဖြစ်၍ စစ်ဆေးရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပြီဖြစ်ရာ ပြည်သူများအနေဖြင့် နေ့စဉ်အသုံးပြုနေသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို စိတ်ချလက်ချ ဝယ်ယူအသုံးပြုနိုင်မည်ဟု မျှော်လင့်ပါသည်။
သို့ဖြစ်ရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝသော အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ကြီးကြပ်ရေးလုပ်ငန်းများကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။