Skip to main content

ကူးစက်ရောဂါကာကွယ်ရေး ပေါ့ဆမနေဘဲ ဆက်လက်လိုက်နာ

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အချို့နိုင်ငံများတွင် ရောဂါကူးစက်မှုနှုန်း မြင့်မားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၏ တက်တက်ကြွကြွ ဆောင်ရွက်ပေးမှု၊ ပြည်သူများက အသိတရားဖြင့် ပါဝင်ဆောင်ရွက်မှုတို့ကြောင့် ရောဂါကူးစက်မှုနှုန်း သိသာစွာကျဆင်းသွားသဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး စည်းကမ်းများကို ဖြေလျှော့ပေးခဲ့ရာ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်သွားလာခွင့်များ ရလာကြသည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် စိုးရိမ်ဖွ​ယ်ရာ ကြီးကြီးမားမားမရှိသော်လည်း ကူးစက်မှုနှုန်းမြန်ဆန်သည့် ရောဂါမျိုးကွဲသစ်များ ဖြစ်ပေါ်နေသည်ကို သတိပြုရမည်ဖြစ်သည်။ ယခုကာလအတွင်း ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သော လူနာများနှင့် အသွားအလာ ကန့်သတ်ထားသူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ နေ့စဉ်စစ်ဆေးပေးလျက်ရှိရာ တစ်နေ့လျှင်လူ ၁၀ဦးဝန်းကျင်ခန့် ရောဂါပိုးတွေ့လျက်ရှိသည်။ ဇူလိုင်လ ၂၂ ရက်နေ့ည ၈ နာရီမှ ဇူလိုင်လ ၂၃ ရက်နေ့ ည ၈ နာရီအတွင်း စစ်ဆေးချက်တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၃ ဦး တွေ့ရှိသဖြင့် ရောဂါကူးစက်နှုန်းတိုးလာသည်ကို သတိပြုရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်မှုနှုန်း သိသာစွာကျဆင်းနေခြင်းဖြစ်ပြီး ရောဂါကို အပြီးတိုင်ထိန်းချုပ်ထားနိုင်ခြင်းမရှိပေ။ ရောဂါကူးစက်မှုနှုန်း ကျဆင်းသွားသဖြင့် ဖြေလျှော့မှုများ ပြုလုပ်ပေးခြင်းသာဖြစ်ပြီး လူစုလူဝေးနှင့် သတ်မှတ်ထားသောအခြေအနေများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းကမ်းများကို မဖြစ်မနေလိုက်နာရမည်ဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်သည့်ဦးရေ တိုးလာနေသည်ကို သတိပြု၍ အများပြည်သူ ဝင်ထွက်၊ သွားလာ၊ စုဝေးသောနေရာများတွင် ပါးစပ်နှင့် နှာခေါင်းစည်းများတပ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် သန့်စင်စွာဆေးကြောခြင်းနှင့် ကျန်းမာအောင်နေထိုင်ကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားသူတစ်ဦးသည် ရောဂါကြောင့်သေဆုံးရမှုကို ခုနစ်ဆခန့်အထိ လျှော့ချနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။ ထို့ကြောင့် လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရန် လိုအပ်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးတိုး၊ ဆီးချို၊ နှလုံးစသည့် နာတာရှည် ရောဂါရှိသူများအနေဖြင့် ကာကွယ်ဆေးကိုအကြိမ်ပြည့် မပျက်မကွက်ထိုးနှံထားကြရန် အထူးလိုအပ်သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့်အထက်ရှိသူ ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ယခုအခါ နိုင်ငံတကာခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးပါက ခရီးသွားလာခွင့်ပြုထားရာ နိုင်ငံအတွင်း ရောဂါဖြစ်ပွားနှုန်း နည်းပါးသွားသော်လည်း ပြည်ပမှ ဝင်ရောက်လာသူများမှတစ်ဆင့် ရောဂါကူးစက်မှုများ ဖြစ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျောင်းနေအရွယ်ကလေးများဖြစ်သည့် ငါးနှစ်မှ (၁၈) နှစ်အကြား ကျောင်းသားကျောင်းသူ ၅၈၂၀၀၀၀ ကျော်အား ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၃၆ သန်းခန့် ရှိနေပြီဖြစ်သည်။ လမ်းပန်းဆက်သွယ်မှုနှင့် အုပ်ချုပ်ရေးလမ်းကြောင်းအဆင်ပြေ သည့်ဒေသများတွင်ကာကွယ်ဆေး ၉၉ ရာခိုင်နှုန်းခန့် ထိုးနှံပေးပြီးဖြစ်သည်။ ထိုးနှံရန်ကျန်ရှိသည့် နေရာဒေသများတွင် ဆက်လက်ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးနှံထားခြင်းသည် အရေးကြီးသောအချက်ဖြစ်၍ ကာကွယ်ဆေးမထိုးနှံရသေးသော၊ အကြိမ်ပြည့်မထိုးနှံရသေးသည့် ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန်နှင့် လူစုလူဝေးရှိသည့်နေရာများနှင့် လိုက်နာရန်သတ်မှတ်ထားသည့်နေရာများတွင် နှာခေါင်းစည်းတပ်ဆင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။