Skip to main content

အများပြည်သူအကျိုးရှေးရှုဆောင်ရွက်

ကုန်ပစ္စည်းဈေးနှုန်းတက်ရခြင်း အကြောင်းရင်းမှာ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာငွေကြေးလဲလှယ်နှုန်း တက်လာသောကြောင့်ဖြစ်သည်ကို အားလုံးက သိရှိကြသည်။ ထို့ကြောင့် နိုင်ငံငွေကြေးလဲလှယ်နှုန်း တက်လာရခြင်းအကြောင်းရင်းကို ရှာဖွေဖော်ထုတ်၍ မြန်မာ့လူမှုစီးပွားရေးအခြေအနေကို ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်နိုင်ကြစေရန် တိုက်တွန်းအပ်ပါသည်။ နိုင်ငံခြားငွေကြေးဈေးကွက်ကို နိုင်ငံအစိုးရ၊ အဖွဲ့အစည်းများက ထိန်းချုပ်ဆောင်ရွက်နေခြင်းမဟုတ်ပေ။ နိုင်ငံတကာငွေကြေးဈေးကွက်သည် ကမ္ဘာပေါ်တွင် ဗဟိုမှချုပ်ကိုင်မှု စနစ်မရှိဘဲ ရောင်းသူဝယ်သူအချင်းချင်း ရောင်းဝယ်ဖောက်ကားနေသည့် ဈေးကွက်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ငွေကြေးဆိုင်ရာ စင်တာများသည် ရောင်းသူဝယ်သူများကြားတွင် ကြားခံအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေကြေးကို တရားဝင်အသိအမှတ်ပြုထားသည့် ဘဏ်ကဲ့သို့ ငွေကြေးစင်တာများတွင် တရားဝင် လဲလှယ်ရောင်းဝယ်နိုင်ကြသော်လည်း ရှေးယခင်ကာလမှ ယနေ့အချိန်ကာလအထိ နိုင်ငံခြားငွေမှောင်ခိုအရောင်းအဝယ် ဈေးကွက်များရှိနေခြင်းသည် နိုင်ငံခြားငွေကြေးမတည်ငြိမ်မှု၊ နိုင်ငံခြား ငွေကြေးကစားမှု အကြောင်းများ ဖြစ်နေသည်။ နိုင်ငံခြားငွေကြေး အတက်အကျ များစွာမရှိစေရန်အတွက် သက်ဆိုင်ရာက သတ်မှတ်နှုန်းထားတစ်ခုကို ပြုလုပ်ပေးသော်လည်း ပြင်ပတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ် ပါးစပ်ဈေးဖြင့် အလုပ်ဖြစ်နေကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယနေ့ကာလ နိုင်ငံ့စီးပွားရေးအတွက် အရေးကြီးသောအချိန်၌ ဒေါ်လာငွေကြေးရောင်းဝယ်မှုမှာ တစ်နေ့တခြားမြင့်မားလာသဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လိုအပ်သည်များကို အသိပေးဆောင်ရွက်လျက် ရှိသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေး ပြတ်လပ်မှုမရှိစေဘဲ ဈေးနှုန်းတည်ငြိမ်ရေးအတွက် အမေရိကန်ဒေါ်လာများကို သတ်မှတ်နှုန်းထားဖြင့် မကြာခဏ ရောင်းချပေးလျက်ရှိသော်လည်း ငွေကြေးဈေးနှုန်းမှာ အတက်ဘက်တွင်သာရှိနေသဖြင့် ပို့ကုန်၊ သွင်းကုန်များကို ထိန်းညှိဆောင်ရွက်ရန်နှင့် တရားမဝင်ငွေကြေး ရောင်းဝယ်မှုများကို ပိုမိုအလေးထားထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။ လက်ရှိကာလတွင် နိုင်ငံခြားငွေဈေးတက်မှုကြောင့် စက်သုံးဆီဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာသဖြင့် ပြည်သူများအနေဖြင့် အခက်အခဲရှိလာသည်။ ထို့ကြောင့် စက်သုံးဆီတင်သွင်းသူများသို့ နိုင်ငံခြားငွေကြေး လွယ်ကူစွာရရှိနိုင်ရန် ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၊ စက်သုံးဆီလုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ ထို့အပြင် စီးပွားရေး နှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများကလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေကြေးများကို တရားမဝင်ရောင်းဝယ်ဖောက်ကား လုပ်ကိုင်နေသည့် မှောင်ခိုဈေးကွက်များရှိနေပြီး ၎င်းဈေးကွက်များမှ နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်မှုများ၊ အွန်လိုင်းမှ တရားမဝင်ငွေကြေးရောင်းဝယ်မှုများကို ယုံကြည်ဆောင်ရွက်ခြင်း မပြုလုပ်ရန်လိုသည်။ နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေကြသည့် အွန်လိုင်းလုပ်ငန်းများအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။ ထို့အပြင် ပြည်ပရောက်မြန်မာ နိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော လုပ်ခ၊ လစာငွေများကို သုံးစွဲခြင်း၊ လွှဲပြောင်းခြင်း၊ဘဏ်သို့ရောင်းချခြင်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ပြီး အဆိုပါ ဝင်ငွေများကို တစ်ဆင့်ဝယ်ယူထားသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် ထပ်ဆင့်ရောင်းချခြင်းမပြုဘဲ တရားဝင်စင်တာများသို့ ရောင်းချရန် လိုအပ်ပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် နိုင်ငံခြားငွေကြေးနှင့် ရောင်းဝယ်ဖောက်ကားမှုများကို အစိုးရက ထိန်းချုပ်ထားခြင်းမရှိသော်လည်း သတ်မှတ်စည်းမျဉ်းဥပဒေများကို လိုက်နာကြပြီး ငွေကြေးနှင့် ကုန်ပစ္စည်းဈေးနှုန်းများကို ကြီးကြီးမားမား ကွာခြားမှုမရှိဘဲ ညှိနှိုင်းပေါင်းစပ်ကာ တစ်နိုင်ငံလုံး ဖြန့်ဝေဆောင်ရွက်နေကြသည်ကို လေ့လာကြည့်လျှင် တွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းပြီး ဈေးကွက်စီးပွားရေးကို ဖော်ဆောင်လာသောအခါ ဝိသမလောဘသား စီးပွားရေးသမားများသည် ဥပဒေ၊ စည်းကမ်း၊ အများပြည်သူကို အလေးမထားဘဲ မိမိတို့ကြီးပွားချမ်းသာရေးအတွက် ဈေးနှုန်းဆွဲတင်ရန် အခြေအနေများ၊ ဈေးကစားမှုများကို တရားမဝင်လုပ်ကိုင်မှုများ ပြုလုပ်နေကြပေသည်။

သို့ဖြစ်ရာ ပြည်သူလူထု စားဝတ်နေမှု သွားလာလုပ်ကိုင်မှု အဆင်ပြေရေးကို ရှေးရှု၍ ငွေကြေးကုန်ပစ္စည်းများ တရားဝင်ရောင်းဝယ်ဖောက်ကားမှုများကို ထိန်းညှိဆောင်ရွက်ကြပါရန်နှင့် ငွေကြေးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်လာပြီး ပြည်သူလူထု အခက်အခဲဖြစ်အောင် လုပ်ကိုင်နေသည့် ဝိသမလောဘသားများကို တားဆီးနိုင်ရန် လိုအပ်ပါကြောင်း။     ။