Skip to main content

လူ့အရင်းအမြစ်များဆုံးရှုံးမှုကို လျှော့ချ

နေ့စဉ်လူမှုဘဝ သွားလာနေကြရာ၌ ယာဉ်မတော်တဆဖြစ်မှုကို ရံဖန်ရံခါ ကြုံတွေ့ကြားသိ ကြရဖူးမည် ဖြစ်သည်။ ရံဖန်ရံခါမှသာ ဖြစ်တတ်သည်ဟူ၍ ယာဉ်မတော်တဆဖြစ်မှုကို အမှုမဲ့အမှတ်မဲ့ နေခဲ့ကြသည်။ နေ့စဉ်နှင့်အမျှ ယာဉ်မတော်တဆဖြစ်မှုများကို နိုင်ငံအလိုက်၊ ကမ္ဘာလုံးနှင့်ချီ၍ လေ့လာကြည့်မည်ဆိုလျှင် စိုးရိမ်ထိတ်လန့်ဖွယ် မြင်တွေ့ရမည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် (၂၀၁၈)ခုနှစ် အစီရင်ခံစာအရ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လမ်းများပေါ်မှ ယာဉ်မတော်တဆမှုများကြောင့် နှစ်စဉ် ပျမ်းမျှလူဦးရေ ၁ ဒသမ ၃သန်းခန့် အသက်ဆုံးရှုံးလျက်ရှိပြီး လူဦးရေ သန်း ၅၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိနေကြောင်း သိရှိခဲ့ရာ လမ်းများပေါ်တွင် လူ့အရင်းအမြစ်များ ဆုံးရှုံးနေမှုသည် စိုးရိမ်ပူပန်ဖွယ်ရာ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးရှိ လူဦးရေတစ်သိန်းတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှုန်း ၁၈ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး အာဖရိကနှင့် အရှေ့တောင်အာရှတွင် သေဆုံးမှုအများဆုံး ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် လူအများဆုံး သေဆုံးရသည့် ဖြစ်စဉ်များတွင် လမ်းများပေါ်မှ သေဆုံးရခြင်းသည် အဆင့်(၈)နေရာတွင်ရှိပြီး အသက်(၅)နှစ်မှ (၂၉)နှစ်အတွင်းရှိ လူ့အဖွဲ့အစည်းအတွင်းမှ တန်ဖိုးရှိသော ကလေးသူငယ်များ၊ လူသားအရင်းအမြစ်များဖြစ်သည့် လူငယ်လူရွယ်များ ဆုံးရှုံးမှုများမှာ အဆင့်(၁)နေရာတွင်ရှိနေကြောင်း စိုးရိမ်ဖွယ်ရာသိရှိရသည်။ ထို့အပြင် လမ်းများပေါ်မှ မတော်တဆမှုများကြောင့် နိုင်ငံများ၏ နှစ်စဉ် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းခန့်အထိ ဆုံးရှုံးနေသည်။ အဆိုပါ ထိခိုက်နစ်နာ ဆုံးရှုံးမှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံး ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု သိရသည်။

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အချိန်နှင့်အမျှ ယာဉ်အသုံးပြုမှု တိုးတက်များပြားလာပြီး ယာဉ်စီးရေ နှစ်စဉ်တိုးတက် များပြားလာမှု၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုံလောက်ပြည့်စုံအောင် အချိန်မီ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြသည့်အတွက် ယခုကဲ့သို့ ထိခိုက်ဆုံးရှုံးမှုများပြားပြီး လူသားအရင်းအမြစ်များ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရသည်ကို တွေ့ရမည်ဖြစ်သည်။ လမ်းအန္တရာယ် ကင်းရှင်းရေးကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လမ်းအသုံးပြုသူများကို လေ့ကျင့်ပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခိုင်ခိုင်မာမာပြဋ္ဌာန်းခြင်း၊ စည်းကမ်းလိုက်နာရန် တွန်းအားပေးခြင်းနှင့် အရေးယူခြင်းများကို အလေးထား ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မော်တော်ယာဉ်အသုံးပြုမှုနှင့် ကြံ့ခိုင်မှုကို စနစ်တကျ စစ်ဆေးကြပ်မတ်ခြင်း စသည်တို့ကို ပြုလုပ်ရမည်ဖြစ်သည်။

ထို့အပြင် ယာဉ်များ မောင်းနှင်အသုံးပြုနေသည့် လမ်းများ ဒီဇိုင်းမှန်ကန်ရေး၊ လမ်းများကို စံချိန်စံညွှန်း ကိုက်ညီအောင် တည်ဆောက်ရေးနှင့် ပုံမှန်ပြုပြင် ထိန်းသိမ်းရေးစသည့် လမ်းအရည်အသွေးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း မပျက်မကွက် ဆောင်ရွက်သွားရမည် ဖြစ်သည်။ ယာဉ်မတော်တဆမှု ဆိုသည်မှာ အဓိကအားဖြင့် လူ့ပယောဂကြောင့် ပေါ်ပေါက်လာသည့် ပြဿနာဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ လိုက်နာထိန်းသိမ်း ဆောင်ရွက်နိုင်လျှင်၊ အသုံးပြုသည့်ယာဉ်များ ကြံ့ခိုင်မှုကောင်းမွန် နေမည်ဆိုလျှင်၊ လမ်းများ လုံခြုံစိတ်ချမှု ရှိနေမည်ဆိုလျှင်၊ လမ်းအသုံးပြုသူအားလုံး စည်းကမ်း လိုက်နာကြမည်ဆိုလျှင် ယာဉ်အန္တရာယ် ကင်းဝေးလာမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ နှစ်လွန်ယာဉ်များ အသုံးပြုမှု များပြားလာသောကြောင့် လမ်းပိတ်ဆို့မှု၊ ယာဉ်အန္တရာယ်ဖြစ်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုစသည့် ထိခိုက်မှုများ ဖြစ်ပေါ်လာသည်။ ထို့အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသဖြင့် အန္တရာယ်ဖြစ်မှုများ တိုးပွားလာသည်။

ယခုအခါ နိုင်ငံတော်အစိုးရက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီကို ဖွဲ့စည်းပြီး လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ တွက်ချက်မှု အခြေခံနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရေး ရည်မှန်းချက်ကို မျက်ခြည်ပြတ်မခံဘဲ စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။  ။