လာမည့်စက်တင်ဘာလ ၇ ရက်နေ့သည် တတိယအကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့” ဖြစ်သည်။ လေထု ညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းများနှင့် ဆိုးကျိုးများ၊ လေထုညစ်ညမ်းမှု လျှော့ချရေးနည်းလမ်းများကို ပြည်သူလူထုအတွင်း ပိုမိုသိရှိ နားလည်လာစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနစ် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် (၇၄/၂၁၂) အရ နှစ်စဉ် စက်တင်ဘာလ (၇) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
လေထုညစ်ညမ်းမှု ဟူသည် လူတို့ ရှူနေရသည့် လေထုထဲတွင် အန္တရာယ်ရှိနိုင်သည့် ဓာတ်ပစ္စည်းများ၊ အမှုန်အမွှားများနှင့် ဇီဝပစ္စည်းများ ရောနှောပါဝင်နေသည့် လေထု အရည်အသွေး ကျဆင်းနေသည့် အခြေအနေပင် ဖြစ်သည်။ လေထုညစ်ညမ်းမှုသည် တောမီး လောင်ကျွမ်းခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်း ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်ကြောင့် လည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ယာဉ်ယန္တရား မောင်းနှင်ခြင်းများ၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတူးဖော် လုပ်ငန်းများ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ စသည့် လူသားတို့၏ပယောဂကြောင့် လည်းကောင်း ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး လူ့ပယောဂကြောင့် လေထုညစ်ညမ်းမှုက လူသားကမ္ဘာကို အဓိက ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ လူ ၁၀ ယောက်တွင် ကိုးယောက်ကျော်မှာ မသန့်ရှင်းသည့် လေကို ရှူရှိုက်နေရပြီး နှစ်စဉ် လူ ၇ သန်းခန့်မှာ မသန့်ရှင်းသော လေကိုရှူနေရ၍ သေဆုံးနေ ကြရသည်ဟု ဆိုသည်။ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါတို့ဖြင့် သေဆုံးမှု၏ သုံးပုံတစ်ပုံသည် လေထု ညစ်ညမ်း ခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးမှ အသက် ၈ နှစ်မှ ၁၈ နှစ် အတွင်းရှိသော ကလေး ၁၄ ရာခိုင်နှုန်းတို့မှာ ပန်းနာရင်ကျပ် ဝေဒနာ ခံစားနေရသည်။ နှစ်စဉ်အသက် ငါးနှစ်အောက် ကလေး ငါးသိန်းခွဲခန့်သည် လေထု ညစ်ညမ်းမှုကြောင့် သေဆုံးနေ ကြရသည်ဟုလည်း ဆိုသည်။ လေထုညစ်ညမ်းမှုသည် ဖွံ့ဖြိုးမှု နိမ့်ကျ သည့် နိုင်ငံများတွင် အဓိကဖြစ်ပွားရာ ကမ္ဘာ့လေထုညစ်ညမ်းမှု ၏ ၉၅ ရာခိုင်နှုန်းမှာ ဆင်းရဲသော နိုင်ငံများ၌ ဖြစ်ပေါ် နေခြင်းဖြစ်သည်ဟု သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တွေ့ရှိချက်အရ မြန်မာနိုင်ငံတွင် နှစ်စဉ် လူ ၂၂၀၀၀ ခန့်သည် လေထုညစ်ညမ်းမှုကြောင့် သေဆုံးနေရသည်ဟုဆိုပြီး ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့လေ အရည်အသွေး စစ်တမ်းအရ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးနိုင်ငံ အဆင့် ၁၉ တွင် ရှိနေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ သတ်မှတ်ချက်ထက် ၂ ဆမှ ၄ ဆ အကြား ဖြစ်ပေါ်နေသည့် နေရာများ ရှိနေသည်ဟု ဆိုသည်။ ရန်ကုန် ကဲ့သို့သော မြို့ကြီးများ တွင် စက်ရုံ၊ အလုပ်ရုံနှင့် ယာဉ်ယန္တရားများကြောင့် လေထု ညစ်ညမ်းမှု အများဆုံးဖြစ်ပြီး ကျေးလက်ဒေသ များတွင် တောမီး ရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်း၊ မီးခိုးများစွာ ထွက်သည့် လောင်စာများ သုံးပြီး ချက်ပြုတ်ခြင်းတို့ကြောင့် လေထု ညစ်ညမ်းမှုများက အများဆုံးဖြစ်သည်။ ထိုလေထု ညစ်ညမ်းမှုကြောင့် သက်ကြီး ရွယ်အိုနှင့် ကလေးငယ်များအပါအဝင် လူထုကျန်းမာရေးကို အန္တရာယ် ပြုနိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုး များဖြစ်လာနိုင်ရာ လေထု ညစ်ညမ်းမှုလျှော့ချရေး လူတိုင်းပါဝင် ဆောင်ရွက်ပေးနိုင်ကြပါ စေကြောင်း။ ။