Skip to main content

ယဉ်ကျေးမှုကိုတန်ဖိုးထားသည့် စိတ်ဓာတ်များ ရှင်သန်ရေးကြိုးပမ်း

“မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားတွင် မိမိတို့ရိုးရာ၊ ယဉ်ကျေးမှုနှင့် အနုသုခုမများကို မြတ်နိုးခုံမင်စွာ လေ့လာလိုက်စားပြီး အနာဂတ်ကာလများတိုင် ပခုံးပြောင်းလက်ဆင့်ကမ်း သယ်ဆောင်သွားလိုစိတ်များ ကိန်းအောင်းရှင်သန်စေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ရှိ လူမှုရေးဦးတည်ချက်တွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့် ဦးတည်ချက်ကို ချမှတ်ထားသည်။ အဆိုပါ ဦးတည်ချက်နှင့်အညီ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲနိုင်ရန် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ပြိုင်ပွဲများကို အဆင့်ဆင့် ကျင်းပလာခဲ့ပြီး မကြာမီကာလတွင် ဗဟိုအဆင့်ပြိုင်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်သည်။

ပြိုင်ပွဲများတွင် ဂီတအနုသုခုမ ပညာရှင်များ၊ ဝါသနာရှင်များ၊ မျိုးဆက်သစ် မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးသော လူငယ်လူရွယ်များက အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲနေကြသည်မှာ နိုင်ငံအနာဂတ်အတွက် ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ယနေ့ကာလတွင် မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာများ အလေးထားထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေသည့် အချိန်ကာလတွင် ဤပြိုင်ပွဲကြီးသည် ကြီးစွာအထောက်အကူပြုနိုင်ပေလိမ့်မည်။ မျက်မှောက်ကာလတွင် ကမ္ဘာပေါ်၌ နည်းပညာနှင့် ရုပ်ဝတ္ထုပစ္စည်းများ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသောကာလ၌ လွတ်လပ်ပွင့်လင်းမြင်သာမှုနှင့် လူမှုကွန်ရက်ဆိုရှယ်မီဒီယာများသည် အစဉ်အလာ ကြီးမားသည့် ယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် ပတ်သက်၍ သတိထားစရာများ ရှိနေသည်။

နည်းပညာတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသည့် လူမှုကွန်ရက်များသည် ပြည်သူအချင်းချင်း ကောင်းကျိုးဆောင်ကြဉ်းပေးနိုင်သည့် သတင်းအချက်အလက်များရှိသကဲ့သို့ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေးသာမက မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများကို မှေးမှိန်သေးသိမ်အောင်၊ ညစ်နွမ်းပျက်စီးအောင် ထိုးဖောက်မွှေနှောက်နိုင်သည့် အကြောင်းခြင်းရာများ ရှိနေသည်။ အထူးသဖြင့် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်း ပခုံးပြောင်းသယ်ဆောင်ကြမည့် ရိုးသားဖြူစင် တက်ကြွလန်းဆန်းပြီး စွန့်စားတီထွင်ဖန်တီးလိုသည့် မျိုးဆက်သစ် လူငယ်များအပေါ်တွင် လွှမ်းမိုးမှုများရှိနေသည်။ မြန်မာနိုင်ငံ၏ပင်ကိုသဘာဝနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော အစွန်းရောက်အတွေးအခေါ် အမူအကျင့်များသည် ယဉ်ကျေးမှုနယ်ပယ်မှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လျက် ရှိနေသည်။

အနုသုခုမပညာရပ်များသည် ယဉ်ကျေးသိမ်မွေ့ပြီး စိတ်နှလုံးခံစားမှုကို နှိုးဆွပြောင်းလဲနိုင်စွမ်းရှိသည်။ အနုပညာဖြင့် စိတ်ဓာတ်နှင့်စရိုက်လက္ခဏာများ ပြောင်းလဲလာအောင် လုပ်ဆောင်နိုင်စွမ်းရှိ၍ ယဉ်ကျေးမှုအနုသုခုမနယ်ပယ်မှတစ်ဆင့် မကောင်းသည့်စရိုက်လက္ခဏာများကို ဖယ်ရှားပြီး ကောင်းသည့်စရိုက်လက္ခဏာများ ထွန်းကားတည်တံ့ခိုင်မြဲနေအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု အနုသုခုမပညာရပ်များ ရှင်သန်ခိုင်မြဲထွန်းကားအောင် ဝိုင်းဝန်းဆောင်ရွက်ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် သွေးစည်းညီညွတ်မှု ပိုမိုခိုင်မြဲရေး၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အနုသုခုမ အဆို၊ အတီး၊ အကများ အရှည်တည်တံ့ခိုင်မြဲရေးကို အလေးထား၍ အစဉ်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ နည်းပညာအစဉ် တိုးတက်လာမှုနှင့်အတူ အနောက်ယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာများပါ လူငယ်လူရွယ်များကြားတွင် ခြုံလွှမ်းလာသည်ဖြစ်၍ မျိုးဆက်သစ် လူငယ်လူရွယ်များ၏ နှလုံးသားတွင် မြတ်နိုးစရာ မြန်မာ့ယဉ်ကျေးမှုများကို မပစ်ပယ်ဘဲ အနာဂတ်ကာလတိုင်ပခုံပြောင်း လက်ဆင့်ကမ်းသယ်ဆောင်လိုစိတ်များ ကိန်းအောင်ရှင်သန်စေရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးဖော်ဆောင်ပေးသကဲ့သို့ မြန်မာ့ယဉ်ကျေးမှုအစဉ် ရှင်သန်ထွန်းကားအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။          ။