Skip to main content

ကျန်းမာစွာနေထိုင်ခြင်းဖြင့် ရောဂါတားဆီး

မျက်မှောက်ကာလတွင် ကျောက်ကပ်၊ ကင်ဆာ၊ အသည်း စသည့် မကူးစက်သောရောဂါများ အဖြစ်များလျက်ရှိသလို ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်နိုင်သောရောဂါများလည်း အဖြစ်များလျက်ရှိသည်။ ပုံမှန်နေထိုင်မှုဘဝတွင် လှုပ်ရှားသွားလာ လုပ်ကိုင်လျက်ရှိနေ၍ ကျန်းမာနေသည်ဟု ထင်မှတ်ရသော်လည်း ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်း မရှိသောအခါ တစ်နေ့နေ့တွင် ရောဂါတစ်မျိုးမျိုးနှင့် ကြုံတွေ့ကြရသည်။ ထို့ကြောင့် ရောဂါတစ်မျိုးမျိုးနှင့် မကြုံတွေ့နိုင်စေရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံကို နေ့စဉ်သတိပြု ဆောင်ရွက်ကြရမည် ဖြစ်သည်။

ရောဂါဖြစ်ပွားရခြင်း အကြောင်းများတွင် မိမိကိုယ်ကိုသတိမမူ အလေးမထားဘဲ နေထိုင်ခြင်းသည် အဓိကကျသောအချက်ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာပေါ်ရှိ နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါအဖြစ်များလျက် ရှိသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ ပြီးခဲ့သည့်ရက်သတ္တပတ်မှစတင်၍ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားလာသည်ကို တွေ့ရသည်။ အစောပိုင်းကနေ့စဉ် ဖြစ်ပွားမှုနှုန်း လူနာဆယ်ဂဏန်းမျှရှိသော်လည်း ယခုနောက်ပိုင်းတွင် ရာဂဏန်းမှ တဖြည်းဖြည်း ကူးစက်ဖြစ်ပွားလာရာ စက်တင်ဘာလ ၂၁ ရက်နေ့ တစ်ရက်တာ စစ်ဆေးတွေ့ရှိချက်အရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၀၀ နီးပါးရှိလာပြီး ရောဂါကြောင့် သေဆုံးသူတစ်ဦး ရှိလာသည်ကို တွေ့ရမည်ဖြစ်သည်။

အဆိုပါ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆေးရုံသို့ လာရောက်စစ်ဆေးခြင်း မရှိဘဲ ပြင်ပတွင် ရောဂါရှိသူများ မည်မျှရှိနေသည်ကို မခန့်မှန်းနိုင်သဖြင့် ရောဂါဖြစ်ပွားနှုန်း ဆက်လက်တိုးမြင့်နေမည်ကို သတိရှိကြရမည် ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုစိုက်ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ယခုဖြစ်ပွားနေသော အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ပိုး ကူးစက်မှုမှာရောဂါ ကူးစက်ဖြစ်ပွားမှု မြန်ဆန်သော်လည်း သေဆုံးသူနည်းပါးရခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်၊ ထပ်ဆောင်းထိုးနှံထားသောကြောင့်ဖြစ်သည်။ သို့သော် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားခြင်းလည်း မရှိ၊ ရောဂါတစ်မျိုးမျိုးဖြစ်စေ ဝေဒနာစွဲကပ်သူတစ်ဦးသည် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခြင်းခံရပါက သေဆုံးနိုင်ခြေများသည်ကို ယနေ့ကာလတွင် လက်တွေ့မြင်တွေ့နေရပေသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူများစွာရှိနေပြီး အခြားနိုင်ငံများတွင်လည်း သေဆုံးသူရှိနေသည်။ မြန်မာနိုင်ငံတွင် ရောဂါကူးစက်ဖြစ်ပွားနေသော်လည်း သေဆုံးသူ မရှိသလောက်ဖြစ်ရာမှ ယမန်နေ့က သေဆုံးသူ စတင်တွေ့ရှိလာသည်ကို အထူးဂရုပြုကာ ရောဂါကာကွယ်ရေးကို အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ဓာတ်ခွဲစစ်ဆေး အတည်ပြုလူနာများအနက်မှ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများရှိနေပြီး ယမန်နေ့က တစ်ဦးအပါအဝင် စုစုပေါင်း ၁၃၉ ဦးရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူများတွင် ၉၇ဦး(၇၀ရာခိုင်နှုန်း)မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည့် နာတာရှည်ရောဂါအခံ တစ်ခုခုရှိသူများဖြစ်နေသည်ကို တွေ့ရသည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသည့် နာတာရှည်ရောဂါအခံရှိသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေမှာ သေဆုံးသူများ၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်းမရှိသူများ ဖြစ်နေသည်။ ၁၈ ဒသမ၆ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားပြီး နှစ်ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများ ဖြစ်နေသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုမရှိစေရေးအတွက် ပြည်သူများအနေဖြင့် အခြားရောဂါများ ဖြစ်ပွားမှုမရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်၊ ထပ်ဆောင်းထိုးနှံကြရန် အထူးအသိပေး တိုက်တွန်းအပ်ပါကြောင်း။     ။