Skip to main content

လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတန်ဖိုး

“နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးစွမ်းပကားများကောင်းမွန်ရန်လိုအပ်ကြောင်း၊ နိုင်ငံရေးမောင်းနှင်အားတွင် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ နိုင်ငံအတွင်းရှိ နိုင်ငံရေးအရ စည်းလုံးညီညွတ်မှုများရှိမည်ဆိုပါက နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာလျှင်လည်း ချမ်းသာကြွယ်ဝမှုရှိမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးမောင်းနှင်အား ကောင်းမွန်သည့်နိုင်ငံများသည် ဩဇာရှိသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းပကားထက်မြက်သည့် နိုင်ငံများသည်လည်း ကမ္ဘာတွင် ဩဇာရှိသည့်နိုင်ငံများဖြစ်ကြကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိတို့၏အချုပ်အခြာအာဏာကို လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့်ရှိကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒီဇင်ဘာလ ၂၁ ရက်နေ့၌ မြန်မာ့မီးရထားစက်ခေါင်း စက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးနှင့်ကာကွယ်ရေးစွမ်းပကားများကောင်းမွန်ပါမှ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်နိုင်ပြီး လွတ်လပ်ရေး၏ အသီးအပွင့်များကို နိုင်ငံသူနိုင်ငံသားအားလုံး တန်းတူညီမျှ အပြည့်အဝခံစားနိုင်မည်ဖြစ်သည်။ ယင်းသည်လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံ၏တန်ဖိုးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်ထားသော်လည်း ယင်းနိုင်ငံ၏ နိုင်ငံရေးစွမ်းအား၊ စီးပွားရေးခွန်အားနှင့် ကာကွယ်ရေးစွမ်းပကားများကို ကောင်းမွန်စွာတည်ဆောက်နိုင်ခြင်းမရှိပါက ထိုနိုင်ငံရှိနိုင်ငံသားများသည် လွတ်လပ်ရေး၏ အသီးအပွင့်များကို အပြည့်အဝခံစားနိုင်ခွင့်ရရှိကြမည် မဟုတ်ပေ။

ထို့ကြောင့် တင်းပြည့်ကျပ်ပြည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတန်ဖိုးများကို နိုင်ငံသူ နိုင်ငံသားအားလုံးရရှိခံစားနိုင်ရေးအတွက် ရရှိပြီးသော နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ညီညီညွတ်ညွတ် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးစွမ်းပကားများ ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အဓိကမှာ ညီညွတ်ရေးဖြစ်ပြီး ညီညီညွတ်ညွတ် ဆောင်ရွက်ကြပါက နိုင်ငံ၏ နိုင်ငံရေးအခြေအနေများ တိုးတက်ကောင်းမွန်ခိုင်မြဲလာပြီး စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို လေ့လာကြည့်လျှင်လွတ်လပ်ရေးရရှိပြီးနောက် မတူကွဲပြားမှုများ ပေါင်းစည်းနိုင်မှုမရှိသောကြောင့် နိုင်ငံရေးတည်ငြိမ်မှုမရှိဘဲ စီးပွားရေးဘက်တွင်လည်း နောက်ကျကျန်ရစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများစွာရှိသော်လည်း နိုင်ငံ့ခေါင်းဆောင်များက စည်းလုံးညီညွတ်မှုကိုခိုင်မာအောင် ကြိုးပမ်းတည်ဆောက်ကြကာ နိုင်ငံ့စီးပွားရေး တိုးတက်လာအောင်ဆောင်ရွက်ခဲ့ကြသည်။ ကမ္ဘာပေါ်ရှိ လွတ်လပ်သောနိုင်ငံတိုင်းသည် နိုင်ငံအလိုက်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်နေကြသည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအနေဖြင့်လည်း စိန်ခေါ်မှုများကြား၌ ရပ်တန့်နေ၍မရသဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်လာရေးအတွက် မနေမနားကြိုးပမ်းဆောင်ရွက်နေသည်ကိုတွေ့ရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးကောင်းမွန်မှသာလျှင် တိုင်းသူပြည်သားများ၏ အလုပ်အကိုင်ဝင်ငွေများ ကောင်းမွန်လာမည်ဖြစ်ပြီး နိုင်ငံလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ စီးပွားရေးမောင်းနှင်အား ကောင်းမွန်လာပါက နိုင်ငံရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့လည်း ကောင်းမွန်လာမည်ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကလိုအပ်ချက်သည် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းရန်နှင့် စီးပွားရေးအရဖွံ့ဖြိုးတိုးတက်ရန်ဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို လေ့လာသုံးသပ်ဆောင်ရွက်နိုင်ရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရတည်ငြိမ်မှုမရှိခဲ့သဖြင့် ခေတ်အဆက်ဆက်တွင် စီးပွားရေးအရ ပိတ်ဆို့ခြင်းခံခဲ့ရသဖြင့် ကုန်သွယ်မှုလိုငွေပြခဲ့သည်။ ကုန်သွယ်မှု ကျဆင်းခြင်းကြောင့် စီးပွားရေးကျဆင်းမှုဖြစ်ပေါ်လာပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ရသည့်ဖြစ်စဉ်များကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သည် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေများအရ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ရသည့်အချိန်တွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိုအထောက်အကူပြုနိုင်သည့်လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးသည်နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ကာကွယ်ရေးအရစွမ်းပကားများ အထူးကောင်းမွန်ရမည်ဖြစ်၍ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးစွမ်းပကားများ အထူးကောင်းမွန်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။  ။

ကြေးမုံ,အယ်ဒီတာ့အာဘော်